မချမ်းဘော့ ဧပြီ ၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မချမ်းဘော့မြို့ရှိ ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံဖြိုးတိုးတက်စေရန်နှင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ စာပေဟောပြောပွဲကို ဧပြီလ၇ ရက် နံနက်၁၀ နာရီတွင် ဂူးဘားခန်းမ၌ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ စာပေဟောပြောပွဲတွင် မဲခေါင်စာပေဆုရ၊ အမျိုးသားစာပေဆုရ စာရေးဆရာ အကြီးကိုကို(ကသာ) လာရောက် ဟောပြောမည်ဖြစ်ပြီး စာရေးဆရာအကြီးကိုကို(ကသာ)သည် စာပေဆုများအနေဖြင့် ၂၀၁၇ခုနှစ် ဇန်နဝါရီလတွင် မြန်မာ၊ အင်္ဂလိပ် (၂)ဘာသာဖြင့် ထုတ်ဝေခဲ့သော "သားနဲ့သမီးဖတ်ဖို့စာ" စာအုပ်ဖြင့် ၂၀၁၇ ခုနှစ် မြင်းမူမြို့နယ် ပွင့်လင်းရောင်ခြည် စာကြည့်တိုက်မှ ချီးမြှင့်သော လူငယ်စာပေစာအုပ်ဆုနှင့် ၂၀၁၇ခု နှစ် "ပခုက္ကူ ဦးအုန်းဖေ စာကြည့်တိုက်ဆုကိုလည်းကောင်း၊ ၂၀၂၁ခု နှစ်၊ ဇန်နဝါရီလ ၁၀ရက်နေ့၌ မြန်မာနိုင်ငံ အနှံ့အပြားတွင် အကြီးကိုကို စာကြည့်တိုက်များ ထူထောင်ခဲ့သဖြင့် ကချင်ပြည်နယ် အစိုးရအဖွဲ့က လူမှုထူးချွန် ဒုတိယအဆင့်ကိုလည်းကောင်း၊ ၂၀၂၁ခု နှစ် ဇူလိုင်လတွင် အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာဖြင့် ထုတ်ဝေခဲ့သော "ပြိုပျက်ခဲ့သောသက္ကရာဇ်များ" ဝတ္ထုတိုပေါင်းချုပ် စာအုပ်ဖြင့် (၁၂)ကြိမ်မြောက် "မဲခေါင်စာပေဆု"ကို လည်းကောင်း၊ ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် လူငယ်၁၀၀၊ မေးခွန်း၁၀၀၊ အဖြေ၁၀၀ စာအုပ်ဖြင့် အမျိုးသားစာပေဆု (လူငယ်စာပေဆု) ကိုလည်းကောင်း ချီးမြှင့်ခြင်းခံထားရသူဖြစ်ပြီး ကချင်ပြည်နယ် စာကြည့်တိုင်များဖောင်ဒေးရှင်းဥက္ကဋ္ဌ တာဝန်ယူနေသူဖြစ်ကာ "သော့ခတ်ထားသော စာကြည့်တိုက်တံခါးတွေ အမြန်ဖွင့်ဟူသည့် ဆောင်ပုဒ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲများ စာအုပ်လှူဒါန်းပွဲများကို ဆောင်ရွက်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။
မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် စာဖတ်ဝိုင်းများ၊ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ အသိပညာပေး ဟောပြောပွဲများ၊ စာပေဟောပြောပွဲများ၊ လူငယ်စကားဝိုင်များကို အစဥ်သဖြင့် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)