မချမ်းဘော့ ဧပြီ ၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့ အထင်ကရနေရာ ကျောက်နဂါးကုန်းတော်ပေါ်ရှိ အောင်တော်မူအေး စေတီတော်မြတ်ကြီး၌ အသံမစဲမဟာပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် နဂါးရုံဘုရား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲကို ယမန်နေ့နံနက် ၁၀ နာရီက စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ရှေးဦးစွာ ပထမပိုင်း အခမ်းအနားအစီအစဥ်အဖြစ် နဂါးရုံဘုရားဆင်းတုတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင် လှူပွဲကိုကျင်းပရာ ကြွရောက်လာကြသော ဆရာတော် သံဃာတော်အရှင်သူမြတ်တို့နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ကာ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့က ဥဒါန်းဂါထာတော်မြတ်ကို ရွတ်ဖတ်ပူဇော် အနေကဇာတင်ခဲ့ပြီးနောက် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဟိုခိုဆရာတော် အာဒိစ္စရံသီက နဂါးရုံဘုရားဆင်းတုတော်မြတ်ကြီးအား နံသာရည်များ ပက်ဖြန်းပူဇော်ပြီး ကြွရောက်လာကြသော ဆရာတော် အရှင်သူမြတ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က သြကာသ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခြင်း၊ ဆွမ်းဆီမီးပန်းများ ဆက်ကပ် ပူဇော်ခြင်းများ ကုသိုလ်ပြုကြသည်။
ထို့နောက် ပဋ္ဌာန်းသိမ်း အလှူတော်အောင်ပွဲကို ဒုတိယပိုင်းအနေဖြင့် ဆက်လက်ကျင်းပရာ ကြွရောက်လာကြသော ဆရာတော်သံဃာတော် အရှင်သူမြတ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်သံဃာနာယကဥက္ကဋ္ဌ ဟိုခိုဆရာတော်က ရှစ်ပါးသီလ တရားတော်ကို ချီးမြှင့်ဟောကြားခြင်း၊ ဆရာတော်များက မေတ္တာသုတ်တရားတော်ကို ရွတ်ဖတ်ပူဇော်ခြင်း၊ နဂါးရုံဘုရားမတည်အလှူရှင်များက လှူဖွယ်ဝတ္ထု ဆက်ကပ်လှူဒါန်းခြင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကိုယ်စား လှူဖွယ်ဝတ္ထုကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်နိုင်ဦးကလည်းကောင်း၊ မြို့နယ် ဌာနဆိုင်ရာများကို စားလှူဖွယ်ဝတ္ထုများကို မြို့နယ်စီမံကိန်းဦးစီးမှူး ဦးကျော်ဟိန်းကလည်းကောင်း လှူးဒါန်းခြင်း အနုမောဒနာ ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခြင်းများ ပြုခဲ့ကြပြီးနောက် နောင်ခိုင် ကျောင်းလက်ထောက်ဆရာတော် ဦးခေမာက ဝမ်းမြောက်မြောက်ကြောင်း အနုမောဒနာဂါထာတော်မြတ်ကို ရွတ်ဖတ်ပူဇော်ကာ မချမ်းဘော့မြို့တောင်တန်းသာသနာပြုဗဟိုကျောင်း ဆရာတော် ဦးပညာဝရက အနုမောဒနာတရား ဟောကြားတော်မူပြီး စုပေါင်းရေစက်ချ ပတ္တိဒါနအမျှပေးဝေခဲ့ကြသည်။ ထို့နောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုပူဇော်၍ အခမ်းအနားကိုရုပ်သိမ်းကာ ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်နှင့်တကွ သာမဏေများ၊ သီလရှင်များကို ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)