မြောက်ဥက္ကလာပ ဧပြီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့ညနေ ၄ နာရီက မူးယစ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြမြဝင်းက လူငယ်လူရွယ်များအား မူးယစ်ဆေးဝါး၏ဆိုးကျိုးအန္တရာယ်များအကြောင်းကို အဖွင့်အမှာစကားအနေဖြင့်ပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်က မူးယစ်ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါးများ စတင်ပေါ်ပေါက်လာပုံအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်နောက်ဆက်တွဲဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့်သက်ဆိုင်သည့် ဥပဒေပုဒ်မများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်အန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များကိုပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်၊၊
မြမြဝင်း(ပြန်/ဆက်)