တောင်သာ ဧပြီ ၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က လေပြင်းဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ(Talk Show)အား ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ လေပြင်းဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show)အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးမှ လေပြင်းဘေးနှင့်ပတ်သတ်၍ ဆောင်ရန်၊ ရှောင်ရန်များကို ပြည်သူများ သိသင့်သိထိုက်သည် များကို ဆွေးနွေး မေးမြန်းပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်နီလာစိုးက လေဘေးနှင့် ပတ်သတ်၍ ဆောင်ရန်၊ရှောင်ရန် အသိပညာပေးနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်ခင်နီလာစိုးက လေဘေးနှင့်ပတ်သတ်သည့်ဆောင်ရန်၊ ရှောင်ရန် အသိပညာပေးဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် နှစ်စဉ် နွေကာလများတွင် မိုးတိမ်တောင်များ ဖြစ်ပေါ်ပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။ ရာသီအလိုက် ဖြစ်ပွားတတ်တဲ့ သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ လေပြင်းတိုက်ခတ်များနှင့် ပတ်သတ်၍ ပြည်သူလူထု အနေ ဖြင့်ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်တဲ့အတွက် ဆောင်ရန်၊ ရှောင်ရန်အနေဖြင့် လေဘေးအတွက် ကြိုတင်ပြင်ဆင်ရမည့် အပိုင်းအနေဖြင့် မိမိအိမ်ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးပြီး တောင့်တင်း ခိုင်မာအောင်ပြုလုပ်ထားပြီး လိုအပ်တဲ့နေရာများကို ထောက်တန်းများ၊ ဒေါက်တိုင်များ တပ်ဆင်ထားရမှာဖြစ်ပါတယ်။ သွပ်မိုးဖြစ်ပါက အစွန်ကျတဲ့နေရာများကို သံစိပ်စိပ်ရိုက်တာတွေ ဓနိ၊ သက်ကယ်မိုးဖြစ်ပါက ဝါးကပ် ကြက်နင်းကွက်ကပ်ပြီး သွပ်နန်းကြိုးနဲ့ ခိုင်ခန့်စွာ ချည်ထားရပါမယ်။ အိမ် အကာအရံ၊ တံခါး၊ ပြတင်းပေါက်များကို ပိုမိုခိုင်ခံ့အောင် ပြုလုပ်ထားရပါမယ်။ အိမ်အနီးအနားမှာရှိတဲ့ ကျိုးကျနိုင်တဲ့ သစ်ပင်၊ သစ်ကိုင်းတွေကို ခုတ်ထွင်ရှင်းလင်း ထားရပါမယ်။ အိမ်အတွင်းမှာရှိတဲ့ ပြိုကျ၊ ပြုတ်ကျ၊ ကွဲရှနိုင်တဲ့ ပစ္စည်းတွေကို အန္တရာယ် မဖြစ် စေရန် မြဲမြံအောင် ပြုလုပ်ထားရပါမယ်။ မီးလောင်စေနိုင်တဲ့ ပစ္စည်းတွေကို စစ်ဆေးပြီး လိုအပ် သလို ပြင်ဆင်ထားရပါမယ်။ အရေးပေါ်သုံးပစ္စည်း၊ ရိက္ခာ၊ အရေးကြီး စာရွက်စာတမ်းတွေကို သေချာထုတ်ပိုးထားရမှာဖြစ်ပါတယ်။ မိသားစုအရေးပေါ်ပြောင်းရွှေ့နိုင်တဲ့ နေရာ၊ လမ်းကြောင်း မိသားစုစုံရပ်တွေကို ကြိုတင်သတ်မှတ်ခြင်းစတဲ့ ကြိုတင်ပြင်ဆင်ခြင်းတွေ ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ အခုလို ကြိုတင်ပြင်ဆင်ခြင်းတွေ ပြုလုပ်ပြီးတဲ့နောက်မှာ လေပြင်းတိုက်ခတ် နေစဉ်မှာ သတိပြုလိုက်နာရမည့် အချက်များကို ဆက်လက်ဆွေးနွေးရရင် လေပြင်းတိုက်ခတ် နေချိန်တွေမှာ အမှိုက်များနှင့်ပစ္စည်းများ လေနှင့်လွင့်ပါပြီးတော့ အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် မလိုအပ်ပဲ အပြင်မထွက်ပါနှင့်။တံခါးနှင့် ပြတင်းပေါက်တွေကို မြဲမြံစွာပိတ်ပါ။ ခိုင်ခံ့သော စားပွဲ၊ အရာဝတ္ထုအောက်တွင် အကာအကွယ်ယူနေပါ။ အရေးပေါ် အခြေအနေမှလွဲ၍ ဖုန်းအသုံးမပြုပါနှင့်။ မိုးသီးကြွေခြင်း၊ မိုးထစ်ချုန်းရွာခြင်းတွေ ဖြစ်ပေါ်တတ်သည့်အတွက်ကြောင့် လယ်ကွင်း၊ ကွင်းပြင်ထဲ နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ။ မဖြစ်မနေ အိမ်အပြင်ထွက်ရမည်ဆိုလျှင် ဆိုင်ကယ်စီး ဦးထုတ်ဆောင်းပါ။ အဝတ်ထူထူ ဝတ်ဆင်ပြီးမှ သွားပါ။ လျှပ်စစ်နဲ့ဆိုင်တဲ့ ပစ္စည်းများကို ခလုတ်ပိတ်ပြီး ပလပ်ဖြုတ်ထားပါ။ သစ်ပင်၊ ဓာတ်တိုင် အနီးမှာ မနေပါနှင့်။ ဖုန်းများ၊သံနှင့်သတ္တု ပါဝင်တဲ့ပစ္စည်းများ အသုံးပြုခြင်းမှ ရှောင်ကျဉ်ရပါမယ်။ လေပြင်းကြောင့် ကြိုတင်ပြင်ဆင်ခြင်းတွေ၊ သတိပြုရမဲ့ အချက်တွေပြီးတဲ့နောက်မှာ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ဆက်လက်ဆွေးနွေးရမည်ဆိုလျှင် ကူညီကယ်ဆယ်ရေးနှင့် ရှင်းလင်းခြင်းတွေ လုပ်နေတဲ့အချိန်မှာ တာဝန်ရှိသူများနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ ကျိုးကျ၊ ယိုင်လဲနေတဲ့ဓာတ်တိုင်များ၊ ဓာတ်ကြိုးများ၊ သစ်ပင်များ၊ သစ်ကိုင်းများ၊ အဆောက်အဦးများနှင့် ဝေးရာမှာ နေရပါမည်။ ထိခိုက်ဒါဏ်ရာ ရရှိသူတွေကို ကျန်းမာရေးဌာနများမှာလိုအပ်တဲ့ကုသမှုတွေ ခံယူရပါမယ်။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေနဲ့ လေပြင်းနဲ့ ပတ်သတ်ပြီး လေပြင်းဒဏ်ခံနိုင်သော ရပ်ရွာ၊ အသိုက်အဝန်းတစ်ခု ဖြစ်စေရန် ရည်ရွယ်ပြီး လေပြင်းဘေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် အိုးအိမ်ဖြည့်တင်း ပြင်ဆင်ခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါကြောင်း ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)