တပ်ကုန်းမြို့၌ စာပေဖတ်ရှုသည့် အလေ့အထကောင်း ရရှိစေရန် စာဖတ်ဝိုင်း ကျင်းပ

တပ်ကုန်း ဧပြီ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပလျက်ရှိရာ စာရေးဆရာ နတ်သျှင်(ရွှေဂူ) ရေးသားထားသည့် “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်ကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

စာဖတ်ပိုင်းတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည် (မောင်ကြည်မူ-ပျဉ်းမနား)၊ အဖွဲ့ဝင် ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင်- တပ်ကုန်း)တို့က စာပေဝါသနာပါသူများနှင့်အတူ “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်တွင် ပါရှိသည့် "လူငယ်များကို ပျိုးထောင်ပေးပါ၊ မိတ်ဆွေကောင်းနှင့် ခရီးသွားပါ၊ ပတ်ဝန်းကျင်ကောင်းကို တန်ဖိုးထားပါ၊ စာဖတ်ခြင်း အတတ်ပညာ၊ အတွေးများ လှစေချင်သည်၊ လူငယ်နှင့် အချိန်၏ တန်းဖိုး" ခေါင်းစဉ်များနှင့် အခြားဗဟုသုတများအား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်စိုးလွင်