မောက်မယ် ဧပြီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထားလုပ်ကိုင် လျက်ရှိရာ ယခုနှစ်ဆောင်းရာသီ သီးနှံစိုက်ပျိုးရာတွင် ရေဆင်း−၁၅မျိုး ဆောင်းပဲပုတ်သီးနှံများကို ပိုမို၍စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်း လျက်ရှိပြီး စတင်ရိတ်သိမ်းချွေလှေ့ ရောင်းချရမည်ဖြစ်၍ စျေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း တောင်သူများထံမှသိရသည်။
မောက်မယ်မြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာတွင် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုး ပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရေး၊ ဒေသခံရှမ်းတိုင်းသားများ၏ အဓိကစားသုံးသည့် ပဲပုတ်သီးနှံ အထွက်တိုးစေရေး အတွက် ရည်ရွယ်ကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဖြန့်ဖြူးသည့် ရေဆင်း−၁၅မျိုးကို မိုးစပါးအပြီး သီးထပ် စိုက်ပျိုးသည့် စံပြလယ်စိုက်ခင်းများကို ဒေသခံတောင်သူများက ပိုမိုစိုက်ပျိုး ခဲ့ကြောင်းသိရသည်။
ဆောင်းသီးနှံများစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်စေရန်အတွက် စိုက်နည်းစနစ်များ မှန်ကန်စေရန်၊ စိုက်ပျိုးရေးသုံးသွင်းအားစု ပစ္စည်းများ အချိုးကျမှန်ကန်စွာ သုံးတတ်စေရန်နှင့် ပိုးမွှားရောဂါကြိုတင် ကာကွယ်ရေး ဆောင်ရွက်ရန် နည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ခံကွင်းဝန်ထမ်းများက နယ်မြေကွင်းဆင်းပြီး ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း သိရသည်။
“ကျွန်တော်တို့ မောက်မယ်မြို့နယ်က စိုက်ပျိုးရေးအဆင်ပြေတဲ့အတွက် ဒေသခံတောင်သူတွေဟာ (နွေ၊မိုး၊ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပါတယ်။ ယခုဆိုရင် ဒေသခံ တောင်သူတွေက ယခုနှစ်ဆောင်းရာသီမှာ နှင်းကျလို့ နှင်းရေနဲ့ပဲ လုံလောက်လို့ ဆောင်းသီးနှံများအောင်မြင် ဖြစ်ထွန်းပါတယ်။ တောင်သူတွေကို သတ်မှတ်လျာထားဧက ပြည့်မှီအောင် စိုက်ပျိုးနိုင်ဖို့နဲ့ လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာများကိုလည်း ကျွန်တော်တို့မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ နယ်မြေအလိုက်တာဝန်ခံ ကွင်းဝန်ထမ်းတွေက ကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးနေပါတယ်”ဟု မောက်မယ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နိုင်က ပြောကြားသည်။
စိုင်းမျိုးသန့်(မောက်မယ်)