မောက်မယ် ဧပြီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများနှင့် ရပ်ကွက်များတွင် ရှေးယခင်က အလေ့ကျ အပင်များနှင့် ဘိုးဘေးဘီဘင်များ စိုက်ပျိုးခဲ့သော မန်ကျည်းပင်များသည် ယနေ့ သားစဉ်မြေးဆက်အထိ နှစ်စဉ်ဝင်ငွေရနေခြင်းဖြစ်ပြီး မန်ကျည်း ရွက်နုများ ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစု စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေပေးနေကြကြောင်း မန်ကျည်းရွက်နု ခူးဆွတ် ရောင်းချသူများ ထံမှသိရသည်။
မောက်မယ်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာများအတွင်းရှိ သစ်ဥ၊ သစ်ဖု ရှာဖွေခူးဆွတ် ရောင်းချသူများသည် ဘိုးစဉ်ဘောင်ဆက် တောတွင်းကို အမှီပြု၍ ရာသီပေါ်သီးနှံအမျိုးမျိုးကို ရှာဖွေတူးဖော် ဆွတ်ခူးရောင်းချနေ သည့် ကျေးရွာများဖြစ်ကြရာ မန်ကျည်းရွက်နုများသည် တစ်နှစ်မှာ တစ်ကြိမ်ပဲ ဆွတ်ခူးရောင်းချလို့ရတဲ့ နှစ်ရှည် အရွက်ဖြစ်ပေမဲ့ ရာသီဥတုအခြေအနေကောင်းရင်ကောင်းသလို အရွက်ထွက်နှုန်းကောင်း၍ ဒီနှစ် မန်ကျည်းရွက်နု ယခုရာသီစာ စတင်ထွက်ရှိချိန်တွင် တစ်ထုတ်ကို (၅၀၀)ကျပ်ရောင်းရကြောင်း မြို့နယ်စည်ပင်သာယာ စျေး ၅ ရက်တစ်စျေးသို့ လည်းကောင်း ရပ်ကွက်အတွင်း လှည့်လည်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိနေကြကြောင်း စိုင်းဟန်လိုင်းက ရှင်းပြ၍ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)