မိုင်းယောင်းမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

မိုင်းယောင်း  ဧပြီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် “သစ်တောနှင့် ပတ်ဝန်းကျင်ရာသီဥတု” ခေါင်းစဉ်ဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းစီ ဖေါင်းက လူသားအားလုံး ရှင်သန်ရပ်တည်နိုင်ရေးအတွက် ရာသီဥတု မျှတခြင်းသည် အဓိက အချက်ဖြစ်ကြောင်း၊ ရာသီဥတုသည် တောကို အမှီသဟဲပြုသည်ဆိုလျှင် မှားမည်မထင်ပါ။ မြန်မာနိုင်ငံသည် သစ်တောသယံဇာတ ပေါများကြွယ်ဝကြောင်း၊ ယခုအခါ နိုင်ငံတော်မှ သစ်တောသယံဇာတများ ပြန်လည်ဖွံ့ဖြိုးလာစေရန် သစ်တောစိုက်ခင်းများကို စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံအတွင်း ဒေသအနှံ့အပြား မြို့ရွာများတွင် ပတ်ဝန်း ကျင်စိမ်းလန်းစိုပြည်ရေးအတွက် နှစ်စဉ် မိုးရာသီ ဇွန်၊ ဇူလိုင် သစ်ပင်စိုက်ပျိုးရေးလများတွင် သစ်ပင်ပျိုးပင်ပေါင်း သန်းနှင့်ချီ၍ လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးလျက်ရှိကြောင်း ဆွေးနွေးသည်။

ထို့နောက် အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် သစ်တောများ ထာဝစဉ်တည်တံ့ရေး၊ သစ်တောဖုံးလွှမ်းမှု တိုးပွားလာစေရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းဆွေးနွေးပြီး လုပ်သားရုပ်သံ ဒေါ်ဝေဝေခိုင်က လက်ရှိအခြေအနေတွင် သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာသဖြင့် ရာသီဥတုဖောက်ပြန်မှုများနှင့် ကြုံတွေ့လာရာတွင် တစ်ပင်စိုက်၊ တစ်ပင် ရှင်သန်ရေးအတွက် ဒေသ၏ရေမြေရာသီဥတုနှင့်ကိုက်ညီသောသစ်ပင်များကို စိုက်ပျိုးရာတွင် ပျိုးသက်နှစ်နှစ်၊ အမြင့်နှစ်ပေရှိ ကျန်းမာကြံ့ခိုင်သောပျိုးပင်များကို စိုက်ပျိုးရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ “ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း” ဟူသော ဆောင်ပုဒ်နှင့်အတူ သဘာဝပတ်ဝန်းကျင် မထိခိုက် မပျက်စီးအောင် ထိန်းသိမ်းကာကွယ်နိုင်သည့် နိုင်ငံတော်၏ သစ်တောစိုက်ခင်းစီမံကိန်းများ အထောက်အပံ့ဖြစ်စေသကဲ့သို့ မြို့ရွာဒေသများ ပိုမိုစိမ်းလန်းစိုပြည် သာယာလှပကာ ရာသီဥတုပြောင်းလဲမှုကို ကားဆီးကာကွယ်နိုင်ပါစေကြောင်း ဆွေးနွေးခဲ့ကြသည်။

စိုင်းအောင်ဇော်လင်း