ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နွေရာသီအားကစားသင်တန်းဆင်းပွဲတက်ရောက်

စစ်တွေ    ဧပြီ   ၆

ရခိုင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သော နွေရာသီအားကစားသင်တန်းဆင်းပွဲကိုယနေ့ညနေပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ အားကစားနည်းအလိုက် သင်တန်းသား၊ သင်တန်းသူများက ကွင်းအတွင်းနေရာယူကြပြီး စစ်ကြောင်းမှူးက ဦးဆောင်ကာ ရခိုင် ပြည်နယ်ဝန်ကြီးချုပ်အား အလေးပြုကြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုကဲ့သို့ နွေရာသီအားကစား သင်တန်းများ ဖွင့်လှစ်ခြင်း ဖြင့် မျိုးဆက်သစ် လူငယ်များ နွေရာသီကျောင်းအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ပြီး အားကစားကိုလေ့လာလိုက်စား၍ အားကစားဖြင့် နိုင်ငံတော်ကို အကျိုးပြုနိုင်သော ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံတော်သော လူငယ်များဖြစ်လာစေရေး၊ အခြေခံ အားကစားနည်းတစ်ရပ်ရပ်ကို လေ့ကျင့်လိုက်စားခြင်း ဖြင့် ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်းမြင့်မားသော အားကစားသမားကောင်းများ၊ နိုင်ငံ့သားကောင်း၊ သမီး ကောင်းရတနာများ ဖြစ်လာစေရေး၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာမှာပါ တိုးတက်ဖွံ့ဖြိုးမှုကောင်းကျိုးများ ရရှိလာနိုင်စေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ တစ်မျိုး သားလုံး ကျန်းမာကြံ့ခိုင်ရေးစသည့် မြင့်မားသောရည်ရွယ်ချက်များဖြင့် သင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ခရိုင်ပေါင်းစုံ၊ မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို ကျင်းပနေသည့်အတွက် အားကစားကို ချစ်မြတ်နိုးသော လူငယ်မောင်မယ်များအနေဖြင့် မိမိတို့တတ်ကျွမ်းထားသော အားကစား စွမ်းရည်များကို ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့်ပြသခွင့် ရရှိကြမှာဖြစ်ခြင်းကြောင်း၊ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဆက်လက်လေ့ကျင့် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယခုနွေရာသီအခြေခံ အားကစားသင်တန်းမှ သင်ကြားပေးလိုက်သည့် အားကစားနည်းစနစ်ပိုင်းဆိုင်ရာ တတ်ကျွမ်းမှုများကို အခြေခံအဆင့်တွင် ရပ်တန့်မနေဘဲ ဆက်လက်လေ့လာလိုက်စားကြပြီး မြန်မာနိုင်ငံအနယ်နယ် အရပ်ရပ်တွင် ဖွင့်လှစ်ထားရှိသော အားကစားသိပ္ပံကျောင်းများတွင်အထက်တန်းပညာများကို အားကစားဘာသာ ရပ်နှင့်အတူ တက်ရောက်သင်ကြားနိုင်ပြီး အောင်မြင်သွားသည့်အခါ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် B.Sc(Sport) ဘာသာရပ်ကို တက်ရောက်သင်ကြားခွင့်ရမှာဖြစ်ပြီး ထိုမှတဆင့် ဘွဲ့ဒီဂရီများရရှိကာအားကစားနှင့် သက်ဆိုင်သည့် အစိုးရဌာနများတွင်တာဝန် ထမ်းဆောင်ခွင့်ရရှိကြမှာဖြစ်ကြောင်း၊ ယခုဖွင့်လှစ် သင်ကြားခဲ့ သည့် သင်တန်းကရရှိလာသော နည်းစနစ်များနှင့်ကျွမ်းကျင်မှုများကို အခြေခံပြီး အဆင့်မြင့် အားကစားပညာရပ်များကို ဆက်လက်လေ့လာလိုက်စားကာ အားကစားဖြင့် ပြည်နယ်၏ဂုဏ်၊  နိုင်ငံတော်၏ ဂုဏ်ကို ဆောင်နိုင်သော အားကစားသမားများ ဖြစ်နိုင်ကြပါစေကြောင်းပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးများက အားကစားနည်းအလိုက် သင်တန်းဆင်းလက်မှတ်၊ အားကစားဝတ်စုံနှင့် အားကစားအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်း နည်းပြများအား ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ Physical Fitness Dance နှင့် အားကစားနည်းအလိုက် အားကစားသမားများက သရုပ်ပြသကစားကြသည်။

ရခိုင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ယခုသင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ တင်းနစ်၊ မြန်မာ့သိုင်း၊ ရိုးရာလက်ဝှေ့၊ ဘက်စကတ်ဘော၊ တိုက်ကွမ်ဒို၊ အေရိုးဗစ်နှင့် Physical Fitness Dance ၊ ကရာတေးဒို၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ခရစ်ကက်၊ ဗိုဗီနမ်၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်၊ စစ်တုရင် စုစုပေါင်း အားကစားနည်း (၁၆)မျိုး၏ အခြေခံနည်းစနစ်ပိုင်းဆိုင်ရာများကို ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)