မိတ္ထီလာမြို့နယ်အတွင်းရှိကျေးရွာ ၁၇ ရွာတွင်( VRFP) စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်

မိတ္ထီလာ၊  အောက်တိုဘာ ၂

မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ်အတွင်းရှိ   ကျေးရွာ (၁၇)ရွာတွင်  Village Revolving Fund Project(VRFP)  စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ   သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်သူများ လူမှုစီးပွားထိခိုက်မှုများဖြစ်ပေါ်နေပြီး ဒေသခံတောင်သူများ၊ အသေးစားစီးပွားရေး လုပ်ကိုင်နေ သူများ အနေဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်နှင့် တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် Village Revolving Fund Project (VRFP) စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ မိတ္ထီလာ မြို့နယ်အတွင်းရှိ ကျေးရွာ(၁၇)ရွာတွင်(VRFP) စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၄၀၀၀)ဖြင့် အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ စီမံကိန်းရန်ပုံငွေများပေးအပ်ရာတွင် ကျေးရွာအတွင်းရှိ အိမ်ခြေ အနည်းအများအလိုက် ရန်ပုံငွေများကို ပေးအပ်ခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းရန်ပုံငွေဖြင့် ဖိုးပျော်တော၊ အိုးအိုင့်ကုန်း၊ ကြိုးစု၊ အိုင့်ကုန်း၊ သဘွတ်ကုန်း၊ ဆူးရစ်တန်း၊ လက်ပံ့အိုင့်၊ ရွာသစ်၊ ဖက်တော၊ ဝါးရုံစု၊ ဥသျှစ်ကုန်း၊ အုတ်ဖို၊ ကန်နီအရှေ့ ၊ ကံခြား မြောက်၊ ထနောင်းပင်တဲ၊ သံဘို၊ ဂွေးတောက်ကန် ကျေးရွာများမှ ဒေသခံပြည်သူများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်အဝယ် လုပ်ငန်းများကို လုပ်ကိုင် လျှက်ရှိကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်က ပြောပြ၍ သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ Village Revolving Fund Project(VRFP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာ (၁၇)ရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၉၀၃)ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၂၅၆)ဦး၊   ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ (၁)ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၆)ဦးနှင့် အသက်မွေး ဝမ်း ကျောင်း လုပ်ငန်းလုပ်ကိုင်သူ (၇)ဦးရှိရာ   ယင်းစီမံကိန်းဖြင့် ကျေးရွာ (၁၇)ရွာမှ အိမ်ထောင်စု ၁၁၇၃ ဦးကို အလုပ်အကိုင်အခွင့်အလှမ်းများရရှိစေခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)