သာစည် ဧပြီ ၆
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ညောင်းကုန်းရွာအုပ်စုသို့ ကွင်းဆင်းပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကား ပြောကြားရာတွင် ကွင်းဆင်းဆောင်ရွက်ရခြင်းအကြောင်း၊ ဒေသခံပြည်သူများက မိမိတို့ဒေသရှိ အခက်အခဲများ တင်ပြဆွေးနွေးကြရန်နှင့် တင်ပြဆွေးနွေးရာတွင် အများအကျိုးရှိစေမည့် ကိစ္စရပ်များအား ဆွေးနွေးပေးကြရန် တိုက်တွန်း ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူး တေဇာမြင့်က နိုင်ငံရေးအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်လွင်က နိုင်ငံသား စီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း (၆၆ / ၆) ပြုလုပ်ပေးနေမှု အခြေအနေများ ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက PR (အချိုးကျကိုယ်စားပြုစနစ်) အကြောင်းနှင့် အခြားမြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိဌာနအလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသော ပြည်သူများက ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များဖြစ်သည့် ကျေးလက်လမ်း အဆင့်မြှင်တင်မှု (၃) ခု ၊ သောက်သုံးရေရရှိရေး (၁) ခု ၊ မြေသားကန်ပြုပြင်ရေး (၁) ခု တို့အား ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)