သာစည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မိုးကြိုချည်မျှင်ရှည်ဝါ (B31) ပိုးမွှားရောဂါကာကွယ် နှိမ်နင်းခြင်းအသိပညာပေး ကွင်းသရုပ်ပြ

သာစည် ဧပြီ ၆

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများ မိုးကြိုချည်မျှင်ရှည်စိုက်ခင်းများတွင် ကျရောက်တတ်သည့် ပိုးမွှားရောဂါများကို စနစ်တကျဖြင့် အချိန်မီနှိမ်နင်းတတ်စေရန် (B-31) ဧက၄၀၀ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း အသိပညာပေး ကွင်းသရုပ်ပြပွဲကို ဧပြီ ၅ ရက်နံနက် ၈ နာရီက အောင်သာကျေးရွာအုပ်စု ကွင်းအမှတ် (၁၈၃၉) တောင်သူဒေါ်ခင်မာတင့်၊ ဒေါ်သီနှင့်ဒေါ်ဖြူမတို့၏ (B-31) စိုက်ခင်းများတွင် ပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဒေါ်ဌေးဌေးက   အသိပညာပေး  ကွင်းသရုပ်ပြပွဲ  ပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ မြို့နယ်အတွင်း B-31၊ ရာကာ၊ ရွှေတောင်(၈)၊ ရွှေတောင် (၁၀) စသည့် မိုးကြိုချည်မျှင်ရှည်ဝါ စိုက်ပျိုးထားမှုအခြေအနေများ၊ စိုက်ခင်းများအတွင်း ကျရောက်တတ်သည့် ပိုမွှားများကို အချိန်မီ ကာကွယ်နှိမ်နင်းခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ ပိုးမွှားကျရောက်တတ်သည့်အခြေအနေများ၊ မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများက ပိုးမွှားရောဂါ များကို စနစ်တကျဖြင့် အချိန်မီနှိမ်နင်းတတ်စေရန်  အသိပညာပေးခြင်းများ  ဆောင်ရွက်လျက် ရှိကြောင်းနှင့်ယနေ့တွင် (B-31) ဧက ၄၀၀ စိုက်ခင်းများတွင်  တပြိုင်တည်း ဆေးဖြန်းလျက်ရှိကြောင်းတို့ကို  ရှင်းလင်းပြောကြား သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များက  စိုက်ခင်းအတွင်း ရောဂါကာကွယ် နှိမ်နင်းဆေးဖြန်းခြင်းကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင်  (B.31) ဧက (၄၀၀) စိုက်ဧကကို  အောင်သာကျေးရွာအုပ်စု၌ ဧက ၁၅၀၊ မကျီးကန်ကျေးရွာအုပ်စု၌ ဧက ၁၅၀ နှင့် ရွာမွန်သာကျေးရွာအုပ်စုတွင် ဧက ၁၀၀ တို့ကို စိုက်ပျိုး ထားကြောင်းသိရသည်။

ဦးထွန်းထွန်း