တံတားဦး ဧပြီ ၆
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ဖွင့်လှစ်သည့် အခြေခံပန်းချီ သင်တန်းသို့ ယမန်နေ့နံနက်(၁၁)နာရီက တံတားဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ခရိုင်အမျိုးသမီးရေးရာ အဖွဲ့တို့မှ သင်တန်းသား/သူများကို အာဟာရများ လာရောက်ထောက်ပံ့ပေးကြောင်းသိရသည်။
အဆိုပါသင်တန်းသို့ တက်ရောက်သင်ယူနေကြသည့် သင်တန်းသား/သူများ စာတွေ့၊ လက်တွေ့ရေးဆွဲ နေသည်များကို တံတားဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များနှင့် ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဝင်များက လိုက်လံကြည့်ရှုပေးကြသည်။ ထို့နောက် သင်တန်းသား/သူများအား အာဟာရများကို ထောက်ပံ့ပေးအပ်သည်။
သင်တန်းကာလတွင် သင်ကြားမှုအပေါ် စိတ်ပါဝင်စားစွာ သင်ကြားနိုင်ရေး၊ သင်တန်းမှသင်ကြားပေးသည့် အနီးအဝေးမြင်ကွင်းနှင့် ရှုခင်းပန်းချီပုံများရေးဆွဲနိုင်ရေး၊ ပန်းချီရေးဆွဲနည်း အတတ်ပညာကို အခြေခံမှစပြီးသိရှိကာ စနစ်တကျရေးတတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးဘိုမောင်၏ ပြောကြားချက်အရ သိရသည်။
ရဲတင့်(ပြန်/ဆက်)