ပေါင် ဧပြီ ၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက(Talk Show)ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦးမြတ်ကိုကိုက မီးလောင်မှုဖြစ်ပေါ်လာရသည့်အခြေခံအကြောင်းအရာများ၊ မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးဖြစ်ပေါ်လာပါကအမြန်ဆုံး ငြှိမ်းသတ်နိုင်အောင်ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ မီးသတ်ဦးစီးဌာန၏ရည်မှန်းချက်တာဝန်များနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်နေမှုများ၊ ပြည်သူများအနေဖြင့် မီးလောင်မှုဖြစ်ပွားသည်ကို သိရှိရပါက အချိန်မီသတင်းပေးနိုင်ခြင်းဖြင့် ဆုံးရှုံးမှုနည်းပါးအောင် ပူးပေါင်းဆောင်ရွက်ကြစေရေး၊ ဌာနဆိုင်ရာရုံးများ၊ ဈေးများ၊ လူနေအိမ်များ၊ စားသောက်ဆိုင်များ၊ ဓာတ်ဆီဆိုင်များ၊ စက်မှုလက်မှုအလုပ်ရုံများ စသည်တို့တွင် အရေးပေါ်မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဗူးများကို အသုံးပြုရလွယ်ကူသည့်နေရာများ၌ စနစ်တကျထားရှိရေး၊ ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလဖြစ်သောကြောင့် မီးဖိုမီး၊ လျှပ်စစ်မီးစသည့် မီးအသုံးပြုခြင်းများကို ဂရုပြုခြင်းဖြင့် မီးဘေးအန္တရာယ်ကင်းဝေးအောင် ပူးပေါင်းဆောင်ရွက်ကြရေးစသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)