မြောက်ဥက္ကလာပ ဧပြီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြမြဝင်းက "နွေရာသီကျောင်းပိတ်ရက်မှာ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေချင်တဲ့ဆန္ဒနဲ့ ယဉ်ကျေးလိမ္မာသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း" ကို အဖွင့်အမှာစကား အနေဖြင့်ပြောကြားခဲ့ပြီး ယဉ်ကျေးလိမ္မာသင်ခန်းစာများကို သင်ကြားပေးမည့် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအား ယဉ်ကျေးလိမ္မာပြီး ဘာသာတရားကို ငယ်စဉ်ကလေးဘဝမှစ၍ သိရှိနားလည် တန်ဖိုးထား လေးစားလိုက်နာတတ်စေရန်နှင့် (၃၈) ဖြာမင်္ဂလာတရားကို သိရှိနားလည်စေရန်၊ ဗုဒ္ဓဘာသာတရားတော်များကို ငယ်စဉ်မှစပြီး လေ့လာမှတ်သားကြစေရန်နှင့် ဗဟုသုတများ တိုးပွားစေရန် (၃၈) ဖြာမင်္ဂလာစာအုပ်မှ ဇာတ်တော်ကြီးဆယ်ဘွဲ့၊ ဗုဒ္ဓဝင်တရားတော်များထဲမှ အပိုင်းများခွဲခြားကာ ဧပြီလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ယဉ်ကျေးလိမ္မာသင်ခန်းစာများကို ပို့ချခဲ့ပြီး သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်၊၊
မြမြဝင်း