ဒဂုံအရှေ့ ဧပြီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ မြို့နယ်စာရေးဆရာအသင်းနှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားသော ရာဇဝင်ထဲကမိန်းမသားစာအုပ်ဖြင့် စာဖတ်ဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က မြို့နယ်စာရေးဆရာအသင်း၊ စာပေပညာရှင်များနှင့် စာပေချစ်မြတ်နိုးသူများဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းများ ပြုလုပ်ဆွေးနွေးခြင်းကြောင့် စာပေဗဟုသုတများတိုးပွားလာခြင်း၊ စာပေ အမြင်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးနိုင်ခြင်း၊ အတွေးအခေါ် စာပေကဏ္ဍ တိုးပွားလာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီးနောက် စာဖတ်ဝိုင်းတွင် ဦးဆောင်ဆွေးနွေသူ အဖြစ် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်စာရေးဆရာအသင်းမှ အမှုဆောင် (အဖွဲ့ဝင်) ဦးဝင်းကိုကိုလတ်-ဖိုးလောင်းတူး (ဥပဒေ) မှ ဆွေးနွေးရာတွင် စာရေးသူသည် ရာဇဝင်ထဲက မိန်းမသားစာအုပ်၌ပါရှိသော ဆောင်းပါးအပုဒ် (၂၀) မှ အင်းဝခေတ်တွင် မင်းငါးဆက်တိုင် မိဖုရားမြှောက်ခြင်းခံရသည့် ရှင်ဘို့မယ်၏ ကိုယ်ပိုင်ဘဝမရှိခြင်းအပေါ် သနားဂရုဏာဖြစ်ပုံကို ဆွေးနွေးခဲ့ပြီး၊ မြို့နယ်စာရေးဆရာအသင်းနှင့် စာပေချစ်မြတ်နိုးသူများက ရာဇဝင်သမိုင်းများ ထဲမှ ရာဇာဓာတုကလျာ၊ ရှင်စောပု၊ နန်းမတော်မယ်နုတို့၏ ရဲရင့်ထက်မြတ်ပုံ၊ မိန်းမသားတို့၏ တွေ့ကြုံရသည်ရူထောင့်များမှ လူအများမမြင်နိုင်သည်ဘက်မှ စာရေးဆရာမကြီးက ခံစားသက်ဝင်ကာ ရေးဖွဲ့ထားသည် စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ We Love East Dagon Page နှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page တို့တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲမင်းထက်