တန့်ယန်း ဧပြီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူး၍ ကိုယ်ဝန်ဆောင်များနှင့် ဆယ်ကျော်သက် အမျိုးသမီးများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အာဟာရပြည့်ဝသော ချက်ပြုတ်နည်းများ သရုပ်ပြသခြင်းကို ဧပြီ ၅ ရက် နံနက် ၉ နာရီခွဲက အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ရွှေဇင်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းသီတာညွန့်က မိခင်နို့ စနစ်တကျ တိုက်ကျွေးခြင်းအကြောင်းအားလည်းကောင်း၊ သားဆက်ခြားခြင်းအကြောင်းအား လည်းကောင်း၊ ဆယ်ကျော်သက် အမျိုးသမီးများအတွက် မျိုးဆက်ပွားကျန်းမာရေးနှင့် ကိုယ်ဝန်ဆောင်ခြင်း၏ အကျိုးဆက်များအကြောင်းအား လည်းကောင်း၊ ဆေးလိပ်ဆေးရွက်ကြီးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးများသုံးစွဲခြင်း၏ ဘေးအန္တရာယ်များအကြောင်းအားလည်းကောင်း အကျယ်တဝင့် ရှင်းလင်း ဟောပြောသည်။
ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက အာဟာရပြည့်ဝသော ချက်ပြုတ်နည်းများ သရုပ်ပြသကာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ကိုယ်ဝန်ဆောင်များနှင့် ဆယ်ကျော်သက် အမျိုးသမီးများအား အာဟာရဖြည့်တင်းစေရန် ကြက်ဥ၊ ငှက်ပျောသီးနှင့် အိုင်အိုဒင်းဆား တို့ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)