မိုင်းတုံ အောက်တိုဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ဟွေပါလှိုင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း အတိုး ရေငွေဖြင့် ဂါလံ(၅၀၀၀) ဆံ့ သောက်သုံးရေကန်တည်ဆောက်လျက်ရှိကြောင်း သိရသည်။
" မြစိမ်းရောင်စီမံကိန်းဆောင်ရွက်တာ(၃)နှစ်ပြည့်ပြီး အတိုးရငွေကျပ်သိန်း(၁၀၀)အထက်ရှိရင် အတိုးရငွေရဲ့ (၅၀)ရာခိုင်နှုန်းကို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုခွင့်ရှိပါတယ်၊ အခု ဟွေပါလှိုင်း ကျေးရွာက မြစိမ်းရောင်စီမံကိန်းဆောင်ရွက်တာ(၆)နှစ်ပြည့်ပြီး မြစိမ်းရောင်အတိုးရငွေကျပ်(၁၇ ဒဿမ ၈၃၁) သန်းရှိပါတယ်၊ အခုရေကန်ကို အတိုးရငွေထဲက ကျပ်(၄ ဒသမ ၇၆)သန်းနဲ့ တည်ဆောက် နေတာ ဖြစ်ပါတယ်" ဟု မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မိုးသဉ္ဇာဟန် ကပြောသည်။
အဆိုပါရေကန်အား ယခုအောက်တိုဘာလတွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် ရေကန်တည်ဆောက်ပြီးစီးပါက ဟွေပါလှိုင်းနှင့်လွယ်ဆန်းကျေးရွာရှိ အိမ်ထောင်စု(၅၂)စု၊ လူဦးရေ(၂၃၉)ဦး တို့အတွက် သောက်သုံးရေ လုံလောက်စွာရရှိမည်ဖြစ်ကြောင်း သိရသည်။
မိုင်းတုံမြို့တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်ထိ မြစိမ်းရောင်စီမံကိန်းတစ်ယူနစ်လျှင် ကျပ်သိန်း(၃၀၀)နှုန်းဖြင့် (၂၈) ယူနစ်ကို ကျေးရွာပေါင်း(၄၄)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဝင်းဝင်းခိုင်(ပြန်/ဆက်)