မိုးနဲ ဧပြီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာနေ တောင်သူ ဦးစောလုံ၏ ယာခင်း၌ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ဖရုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။
ဖရုံပင်များကို မတ်လ အစောပိုင်းတွင် စိုက်ပျိုးထားခဲ့ကြောင်း၊ နွားချေးမြေဩဇာကို အသုံးပြုထားကြောင်း၊ ယာခင်းအတွင်း တစ်ပိုင်တစ်နိုင် သီးနှံများအဖြစ် သခွား၊ မုန်ညင်းဖြူ၊ ဆလတ်၊ ဂေါ်ဖီထုပ်၊ မုန်လာပွင့်၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်၊ ငရုတ်တို့ကို စိုက်ပျိုးထားသေးကြောင်း၊ ချောင်းနံဘေးတွင် ယာခင်းရှိသည့်အတွက် ရေအခက်အခဲမရှိကြောင်း၊ ပုလဲမြေဩဇာကို ပတ်ဖျန်းပေးခြင်းဖြင့် အပင်ကြီးထွားနူန်းကောင်းမွန်စေကြောင်း၊ ယခုဖရုံပင်များ စိုက်ပျိုးထားရာတွင် အောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး မကြာမီအညွန့်များ ခူးဆွတ်ရောင်းချနိုင်တော့မည်ဖြစ်ကြောင်း၊ ဖရုံသီးများ ရရှိလာပါကလည်း ထပ်မံခူးဆွတ် ရောင်းချနိုင်ကြောင်း၊ ပိုးမကျစေရန် ပြာပတ်ပေးသွားမည်ဖြစ်ကြောင်း၊ မြို့မဈေးကြီးတွင် ဖရုံပေါက်ဈေး အသေးတစ်လုံးလျှင် ကျပ် (၁၅၀၀) ရှိနေကြောင်းနှင့် တစ်ပိုင်တစ်နိုင်အဖြစ် ဖရုံပင် ၁၅ ပင်ခန့်စိုက်ပျိုးထားကြောင်း တောင်သူ ဦးစောလုံထံမှ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)