ကွမ်းလုံ ဧပြီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆန်တော် ခက်ခဲမှုမရှိစေရေးအတွက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီခွဲအချိန်က ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ဒေသခံပြည်သူများစုပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်မောင်၏ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ဆရာတော်သံဃာတော် အပါး(၁၀၀)အား ကွမ်းလုံမြို့အဝင်မုဒ်ဦးမှနေ၍ ဗဟိုသာသနာပြု ကျောင်းတိုက်လမ်းဆုံအထိ စုပေါင်းလောင်းလှူခဲ့ကြသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့၌ မြို့ပေါ်နှင့် ကျေးရွာအုပ်စုများတွင် ဘုန်းတော်ကြီးကျောင်း (၃၃)ကျောင်းရှိပြီး အဆိုပါဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးနေထိုင်ကြသော ဆရာတော် သံဃာတော်များနှင့် ရှင်သာမဏေများအား ဆွမ်းဆန်တော်အခက်အခဲမရှိစေရန် ရည်ရွယ်ကာ လစဉ်လပြည့်နေ့များတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)