မိတ္ထီလာမြို့နယ် ကန်နီကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် ဆောင်ရွက်သည့်နွေစပါး GW-11 စိုက်ဧက ၇၀ မြေသြဇာကြဲ ပက်ခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

မိတ္ထီလာ  ဧပြီ  ၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် မကျီးစုကျေးရွာအုပ်စု ကန်နီကျေးရွာတွင် မြေသြဇာကြဲပက်ခြင်း ကွင်းသရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် ဆောင်ရွက်သည့် နွေစပါး GW-11 စိုက်ဧက ၇၀ တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးစိုက်ဧက ၂၇၀ တွင် တောင်သူ ၁၄၁ဦး ဖြင့် ထမုန်ကန်ကျေးရွာအုပ်စု၊ ကွက်ငယ်ကျေးရွာအုပ်စု၊ မုန်တိုင်ကျေးရွာ အုပ်စု၊ သီးကုန်းကျေးရွာအုပ်စုနှင့် မကျီးစုကျေးရွာအုပ်စုတို့တွင်ကွင်း ၈ ကွင်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ကျေးရွာအုပ်စုတစ်စုချင်းတွင် တောင်သူအစုအဖွဲ့ခေါင်းဆောင်များဖွဲ့စည်းပြီး စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ နွေစပါးစိုက်ဧက ၂၇၀ တွင် မနောသုခ၊ ဆင်းသုခ၊ ထိုင်းနှံကောက်နှင့် GW-11မျိုးများကို ပျိုထောင်စိုက်ပျိုးလျက်ရှိသည်။ယင်းသို့ ပျိုးထောင်စိုက် ပျိုးလျက်ရှိသည့် စိုက်ဧက ၂၇၀ အနက် စိုက်ဧက ၂၃၆ ဧကကို စိုက်ပျိုးထားရှိပြီး ကျန်ဧကများကို လည်း ဆက်လက်စိုက်ပျိုးလျက်ရှိသည်။ ၎င်းစိုက်ပျိုးထားရှိသည့် စိုက်ဧကများအား သီးနှံစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းရေးအတွက် စိုက်ပျိုးပြီးဧကများကိုမြေသြဇာများ အချိန်ကိုက်အချိုးကျ ထည့်သွင်းလျက်ရှိရာ ယနေ့တွင် စိုက်ဧက ၇၀ အားမြေသြဇာကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကျင်းပ ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်အေးက ပြေကြားခဲ့သည်။

အဆိုပါ ကွင်းသရုပ်ပြပွဲတွင်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သန္တာလင်းက နိုင်ငံ့ စီးပွား မြှင့်တင်ရေးအစီအစဉ်ဖြင့် ဆောင်ရွက်သည့် နွေစပါးစိုက်ဧကများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့်ဆောင်ရွက်သည့် 3-G ကုမ္ပဏီ မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်နေခြည်သွေးက နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့်ဆောင်ရွက်ရာတွင် ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသော ဒေသခံတောင်သူများက သိလိုသည်များကို မေမြန်းရာ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ ၎င်းနောက် ကွင်းသရုပ်ပြပွဲသို့တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကုမ္ပဏီမှတာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်အေးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများက မြေသြဇာကြဲပက်ခြင်းကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။                              

သိန်းမြင့်ကျော်(မိတ္ထီလာ)