တံတားဦး ဧပြီ ၅
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက ကျင်းပကြောင်းသိရသည်။
အခမ်းအနားတွင် တံတားဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအကြောင်းပြောကြားရာတွင် လူမှောင်ခို၊ လူကုန်ကူးမှုဆိုသည်မှာ ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ အဓမ္မခေါ်ဆောင်ခြင်း၊ လိမ်လည်ခြင်း၊ အာဏာအသုံးပြု ခြင်း၊ ရပ်တည်ရန်ခက်ခဲသောအခြေအနေကို အလွဲသုံးစားပြုလုပ်ခြင်းစသည်တို့ပါဝင်ပါကြောင်း၊ ဒါ့အပြင် လွဲပြောင်းခြင်း၊ ခိုလှုံခွင့်ပြုခြင်း၊ လက်ခံခြင်းများကို လုပ်ဆောင်ကာ မိမိသဘောဆန္ဒမပါဘဲ အဓမ္မစေခိုင်းခြင်း၊ ကျွန်ပြုခံရခြင်း၊ လိင်ဖျော်ရေးလုပ်ငန်းများတွင် အသုံးချခံရခြင်း စသည်တို့လည်း ပါဝင်ပါကြောင်း၊ ပြည်သူများအနေဖြင့် လူမှောင်ခို၊ လူကုန်ကူးမှု ပပျောက်ရေးတွင် မိမိတို့တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူများက လူကုန်ကူးမှု တားဆီးကာကွယ်ရေးအကြောင်းနှင့် ပတ်သတ်သက်၍ မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ မြို့နယ်ဦးစီးအရာရှိ ပြန်လည်ဖြေကြားပေးကြသည်။ အဆိုပါအခမ်းအနားသို့ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အခြေခံပညာဦးစီးဌာနမှ ကျောင်းသား/သူများတက်ရောက်ပြီး ကျောင်းသား/သူများအား အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)