မောက်မယ်မြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်တိုးချဲ့ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံတိုက်ကျွေး

မောက်မယ် ဧပြီ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်အတွက် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ဆက်လက်ထိုးနှံခြင်း/ဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို မြို့ပေါ်ရှိရပ်ကွက်များမှ ယနေ့ နံနက်(၉)နာရီ တွင် လစဉ်မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း/ ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို မောက်မယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက လစဉ်ပုံမှန်ဆောင်ရွက်လျက်ရှိရာ မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား အသက်အပိုင်းအခြားအလိုက် သတ်မှတ်ကာကွယ်ဆေးများ ဖြစ်သည့်ဘီစီဂျီ၊ အသဲရောင်အသားဝါဘီရောဂါ၊ ပိုလီယိုရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗီ)နှင့် ဆုံဆို့နာ၊ ကြက်ညာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ အစရှိသည့်ရောဂါများကို ကာကွယ်နိုင်ရန်အတွက် (၅)မျိုးစပ်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးကြပြီး ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသေးသည့် ကျေးရွာများတွင်လည်း သက်ဆိုင်ရာကျန်းမာရေးဌာနခွဲများတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဆရာမများထံမှ သိရသည်။

မောက်မယ်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီးအနေဖြင့် လစဉ်ကိုယ်ဝန်ဆောင်မိခင်နှင့်မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ ထိုးနှံပေးခြင်း၊ ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖြန်းခြင်း၊ သုံးရေများအတွင်း အဘိတ်ဆေး ခတ်ပေးခြင်း စသည့်လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)