ငါန်းဇွန်မြို့၌ စမ်းဝတီသဘာဝမြေဩဇာ သုံးစွဲနည်းနှင့် သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ငါန်းဇွန် ဧပြီ  ၅

မန္တလေးတိုင်ဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့နယ်သမဝါယမအသင်းစုရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၁နာရီက တောင်သူများ သီးနှံစိုက်ပျိုးရာတွင် စိုက်ပျိုးစရိတ်သက်သာစေရန်နှင့် ပိုင်ဆိုင်သောလယ်ယာမြေများ ဖြစ်ထွန်းအောင်မြင်စေရန်အလို့ငှာ စမ်းဝတီသဘာဝမြေဩဇာ သုံးစွဲနည်းနှင့် သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းလင်းနှင့်တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်မှ အမှုဆောင်အဖွဲ့ဝင် ဦးဟန်တို့က အမှာစကားပြောကြားပြီး၊ စမ်းဝတီသမဝါယမအသင်း၊ သဘာဝမြေဩဇာလုပ်ငန်းတာဝန် ခံ အထွေထွေမန်နေဂျာ ဦးနိုင်အောင်က စမ်းဝတီသဘာဝမြေဩဇာရဲ့ အကျိုးအာနိသင်၊ ပါဝင်ပစ္စည်း၊ သုံးစွဲနည်းနှင့် အခြားသိကောင်းစရာများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆန်းလင်းက သဘာဝမြေဩဇာ သုံးစွဲ ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် အသင်းသားတောင်သူများက စမ်းဝတီသဘာဝမြေဩဇာနှင့် ပတ်သက်သည့် သိလိုသည်များမေးမြန်းမှုအပေါ် သဘာဝမြေဩဇာလုပ်ငန်း တာဝန်ခံအထွေထွေမန်နေဂျာနှင့် စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိတို့က ပြန်လည်ရှင်းလင်း ဖြေကြား ဆွေးနွေးပေးခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းလင်း လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စံပြကွက်အဖြစ် ရွေးချယ်ထားသည့် နှမ်းမျိုးစေ့ထုတ် စံပြကွက်များအား စမ်းဝတီသဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်မှ အမှုဆောင်အဖွဲ့ဝင်၊ စမ်းဝတီသမဝါယမအသင်း၊ သဘာဝမြေဩဇာလုပ်ငန်းတာဝန်ခံ အထွေထွေမန်နေဂျာ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းကိုကိုနှင့် ဝန်ထမ်းများ၊ မြိုနယ်သမဝါယမအသင်းစုမှ အမှုဆောင်အဖွဲ့နှင့် အသင်းစုဝန်ထမ်းများ၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်းများမှ အမှုဆောင်အဖွဲ့များ၊ အသင်းသားတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)