ရခိုင်ပြည်နယ်၌ ၁၃၈၄-ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်တွေ ဧပြီ ၅

၁၃၈၄-ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်၊ အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီ နာယက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့ သင်္ကြန် အကြိုနေ့မှ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့ထိ ရခိုင်ပြည်နယ်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သကဲ့သို့ နေပြည်တော်နှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားကြမည်ဖြစ်ကြောင်း၊ မိမိတို့ရခိုင် ပြည်နယ်တွင်လည်း သင်္ကြန်ကာလကို ပြည်သူလူထုစိတ်နှလုံးချမ်းမြေ့စွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျော်ဖြတ်နိုင်ရန်အတွက် တက်ရောက်လာကြသူအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် စည်ကားသိုက်မြိုက်စွာကျင်းပမည် ဖြစ်သကဲ့သို့ ပြည်နယ်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့တွင်လည်း ပိုမိုပြီးစနစ်တကျဖြင့် ပျော်ရွှင်ချမ်းမြေ့အောင် စီမံဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် မိမိတို့ ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်မည့်အစီအမံများကို အသေးစိတ် ဆွေးနွေးတင်ပြကြစေလိုကြောင်း၊ မဟာသင်္ကြန်ပွဲတော်ဖြစ်သကဲ့သို့ ရခိုင်လူမျိုးများ၏ ဓလေ့ရိုးရာ ယဉ်ကျေးမှုများလည်း ပါဝင်အောင် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာအကြီးအကဲများသည် ပြည်သူလူထုနှင့် ထိတွေ့ဆောင်ရွက်နေရသည့် ဌာနများ ဖြစ်သည့်အတွက် ဒေသပြည်သူများ၏အသံ၊ ဖြစ်စေလိုသည့်ဆန္ဒများကိုလည်း ယခုအစည်းအဝေးတွင် ဆွေးနွေးပေးကြစေလိုကြောင်း၊ မဟာသင်္ကြန်ပွဲတော်တွင် ပြည်သူများလုံခြုံစိတ်ချစွာဖြင့် စည်းကမ်းတကျ ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲနိုင်ရန် မိမိတို့အစိုးရအဖွဲ့အပြင် ဌာနဆိုင်ရာများတွင်လည်း တာဝန်ရှိပါကြောင်း၊ ပျော်ရွှင်မှုကို တားဆီးခြင်း မဟုတ်ဘဲ စည်းကမ်းတကျပျော်ရွှင်နိုင်အောင် ထိန်းကျောင်းပေးကြပါ၊ ကော်မတီအသီးသီးတွင် ပါဝင်ဆောင်ရွက်ကြမည့် ဌာနဆိုင်ရာများအနေဖြင့် ယခင်နှစ်များက အတွေ့အကြုံကောင်းများ၊ အားသာချက်များ၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ကာ မဟာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များ ထက်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် ပြန်လည်ဖွဲ့စည်းမည့် လုပ်ငန်းကော်မတီများနှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ ရုံးညွှန်ကြားရေးမှူး ဦးစိုးဝင်းက ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်ကြသော ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီမံများကိုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲ ကျင်းပရေးကော်မတီသို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က လှူဒါန်းသည့် ငွေကျပ် ၂၂၂၀၀၀၀၀ နှင့် စစ်တွေမြို့၊ မိဇံရပ်ကွက် ကမ်းနားလမ်းတွင် ကျင်းပမည့် ရခိုင်ရိုးရာ သင်္ကြန်မဏ္ဍပ်အတွက် ထောက်ပံ့ငွေကျပ် ၂၅၀၀၀၀၀၀ တို့ကို တာဝန်ရှိသူများထံပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးချက်များအပေါ် ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

စစ်တွေမြို့တွင် မဟာသင်္ကြန်ပွဲတော်ကို ရခိုင်ရိုးရာနံ့သာသွေးပွဲ၊ ဘုရားရေသပ္ပါယ်ပွဲ၊ ဗဟိုမဏ္ဍပ်ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲများဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)