မော်လမြိုင် ဧပြီ ၅
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ ရိုးရာမပျက်ကျင်းပနိုင်ရန်၊ ပြည်သူများကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများ မိမိတို့ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖျန်း လန်းဆန်းစေခြင်းဖြင့် မြန်မာ့မှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများဖြင့် မော်လမြိုင်မြို့နယ်တွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ပြုလုပ်နိုင်ရေးအတွက် ဖွဲ့စည်းထား သည့် ဆပ်ကော်မတီဝင်များက မိမိတို့တာဝန်ယူ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး လူငယ်များပျော်ရွှင်စွာ ရေပက်ကစားနိုင်ရန် ရေလုံလောက်စွာ ရရှိရေးအတွက် သံလွင်မြစ်အတွင်းမှနေ၍ ရေစုပ်စက်ကြီးများဖြင့် သင်္ကြန်ရက်အတွင်း ရေပြတ်လပ်မှုမရှိစေရေး စီစဥ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လမ်းလျှောက် သင်္ကြန်ကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သင်္ကြန်ပွဲတော်ကျင်းပရေး ကော်မတီမှ သိရသည်။
မော်လမြိုင်မြို့နယ်တွင် ဗဟိုမဏ္ဍပ်အပါအဝင်ဖျော်ဖြေရေးမဏ္ဌပ် (၄) ခု ရေကစားမဏ္ဍပ် (၁၈) ခု စတုဒီတာမဏ္ဍပ် (၁၅) ခု တည်ဆောက်လျက်ရှိပြီး ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲ၀င် ယိမ်းအဖွဲ့ (၁၀) ဖွဲ့၊ ဖျော်ဖြေရေးယိမ်း အဖွဲ့ (၄) ဖွဲ့ရှိကြောင်းနှင့် အဆိုပါ အကအဖွဲ့များ ကပြယှဉ်ပြိုင်မှုအပေါ် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္ထဆုနှင့် ပဉ္စမဆုအထိ ရွေးချယ်ကာ ဆုများထိုက်ထိုက် တန်တန် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဗဟိုမဏ္ဍပ်တွင် ပြည်သူများပျော်ရွှင်စေရန် နိုင်ငံကျော်ရုပ်ရှင် သရုပ်ဆောင်များနှင့်အဆိုတော်များဖြင့်ဖျော်ဖြေ၍ စတုဒိတာများဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်သည် နှစ်ဆန်းတစ်ရက်နေ့တွင် မွန်ပြည်နယ် အစိုးရအဖွဲ့ကကြီးမှူး၍ သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါန ငါးလွှတ်ပွဲများနှင့် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်