ပေါင်မြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

ပေါင် ဧပြီ ၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သထုံခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးတို့ပူးပေါင်းကာ လျှပ်စစ်အန္တရာယ်ကင်းဝေးရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show) အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက Talk Show ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပေါင်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်အင်ဂျင်နီယာဦးရဲထွန်းက လျှပ်စစ်အန္တရာယ်ဖြစ်ပေါ်စေသည့်အကြောင်းအရာများ၊ ကာကွယ်ရမည့်နည်းလမ်းများ၊ လျှပ်စစ်အန္တရာယ်ဖြစ်ပွားလာပါကဆောင်ရွက်ရမည့်နည်းလမ်းများ၊ အိမ်တွင်းလျှပ်စစ်မီးများကို အတတ်နိုင်ဆုံးလျှော့သုံးရေး၊ နေအိမ်တွင် မည်သူမှမရှိနေချိန်၌ မလိုအပ်သော လျှပ်စစ်အသုံးပြုမှုအားလုံးကို ပိတ်ထားခြင်းဖြင့် လျှပ်စစ်အန္တရာယ်ကင်းဝေးပြီး ဓာတ်အားကို ချွေတာသုံးစွဲရေး၊ ကြည့်ရှုနားထောင်သူမရှိချိန်၌ ရုပ်သံများသီချင်းများ အချိန်ပြည့်ဖွင့်ထားခြင်းကို ဆင်ခြင်ခြင်းဖြင့် လျှပ်စစ်ဓာတ်အားချွေတာရေးစသည်တို့ဖြင့် လျှပ်စစ်ဓာတ်အားကို ချွေတာသုံးစွဲခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများတို့နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လိုက်နာသင့်သည့်အချက်များတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)