လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး   လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း) ဧပြီ ၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော်အား မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရန် ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဧပြီ (၃) ရက်နေ့၊ နံနက်(၁၀)နာရီ၌ ဌာနဆိုင်ရာများ၊ တာဝန်ရှိ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မဟာသင်္ကြန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပသည်။

ရှေးဦးစွာ  ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ ပြည်သူများပျော်ရွှင်စွာရေကစားနိုင်ရေး၊ သင်္ကြန်ရေကစားမဏ္ဍပ်များ တည်ဆောက်၍ ယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များနှင့်အတူ မြန်မာရိုးရာမုန့်များကို သုံးမျိုးသုံးရာဖြင့် ဧည့်ခံကျွေးမွေးရန် အစီအစဉ်များဆောင်ရွက်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုကရှင်းလင်းပြောကြားသည်။ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး နာယကအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊ ဦးစီးကော်မတီဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊ ရန်ပုံငွေရှာဖွေရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေးကော်မတီ၊ ဖျော်ဖြေရေးဆပ်ကော်မတီ၊ မှတ်တမ်းတင်ရေးကော်မတီ၊ ကျန်မားရေးစောင့်ရှောက်မှုဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီများစသည့် ကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းဆွေးနွေးပြောကြားသည်။

ထို့နောက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက်  လုံခြုံရေးဆပ်ကော်မတီများကို မဟာသင်္ကြန်မဏ္ဍပ်နှင့်ပတ်ဝန်းကျင်လုံခြုံရေး အခြေအနေများနှင့် ဖျော်ဖြေရေးနေရာများအား ဆက်သွယ်သွားလာနိုင်သည့် လမ်းအခြေအနေများကို မြေပုံကြမ်းနှင့်တကွရှင်းလင်းခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူးကြည်သာဇော်က ပြန်လည်ဆွေးနွေးသည်။ အဆိုပါ မဟာသင်္ကြန် ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများစုစုပေါင်း(၇၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)