ရေး ဧပြီ ၄
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်တွင် (၆၅)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်နှင့် နိုင်ငံတော်မှချီးမြှင့်သည့် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက တူးမြောင်းကျေးရွာအုပ်စု ကျိုက်ဒေတမော့ဗရတ်သာသနာပြုဌာန(ကိုရင်လေးကျောင်း) လျောင်းတော်မူဘုရားအတွင်း၌ ကျင်းပခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ဩဝါဒါစရိယ ဆရာတော်များ၊ မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်၊ သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကိုးကိုဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒါယကာ၊ ဒါယိကာမများ စုစုပေါင်းအင်အား (၃၀၀)ဦးခန့်တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ထံမှငါးပါးသီလ ခံယူဆောက်တည်ခြင်းနှင့် ဩဝါဒခံယူခြင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစန်းမင်းမှ သာသနာရေးဆိုင်ရာကိစ္စများလျှောက်ထားပြီးနောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၈)ပါးအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခြင်းနှင့် ၂၀၂၂ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ၌ ဓမ္မာစရိယ(၃)ကျမ်းအောင် ဆရာတော်(၄)ပါး၊ (၂)ကျမ်းအောင် ဆရာတော်(၃)ပါး၊ (၁)ကျမ်းအောင်ဆရာတော်(၆)ပါး၊ ပထမကြီးတန်းအောင်(၂၄)ပါး၊ ပထမလတ်တန်းအောင် (၃၆)ပါး၊ ပထမငယ်တန်းအောင်း(၄၁)ပါးနှင့် အခြေပြုမူလတန်းအောင်(၁၀၃)ပါး စုစုပေါင်း (၂၁၇)ပါးတို့အား အောင်လက်မှတ်၊ အောင်ဆုနှင့် နဝကမ္မဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ဩဝါဒစရိယဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်များအား နဝကမ္မဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ထို့နောက် ကျိုက်ဒေတမော့ဗရတ် ဆရာတော် ဘဒ္ဒန္တပုပ္ဖရမ္မ မှ ၂၀၂၃ ခုနှစ် ဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲကျင်းပရာတွင် ပစ္စည်းလေးပါးနှင့်တကွ လှူဒါန်းမှု အစုစုတို့အတွက် သာဓုအနုမောဒနာ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
မြို့နယ်၊ ပြန်/ဆက်