လသာ အောက်တိုဘာ ၂
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ထပ်မံစိစစ်ပြုစုထားသည့်မဲဆန္ဒရှင်စာရင်းများ နောက်ဆုံးအကြိမ်အဖြစ် ယမန်နေ့နံနက် ၈ နာရီက စတင်၍ သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ (၁)ရက်နေ့မှ (၁၄)ရက်နေ့ထိ နောက်ဆုံးအကြိမ် အဖြစ် သက်ဆိုင်ရာရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာကပ်ထားမည်ဖြစ်ပြီး မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း၊ ဆန္ဒမဲစာရင်းတွင် မိမိအမည် မပါရှိပါက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက်နေထိုင်သူများ အနေဖြင့် ပုံစံ(၃-က) ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် ပါဝင်ရန်မသင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း များကို လျှောက်ထားလာသူများရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်စိစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်း များလာရောက်ကြည့်ရှုရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက် များနှင့်အညီ အိမ်ထောင်စုတစ်စုလျှင် တစ်ဦးသာ လာရောက်ကြည့်ရှုကြရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းများ လာရောက်ကြည့်ရှုရန် အခက်အခဲရှိပါက မဲဆန္ဒရှင်စာရင်းကြည့်ရှုစစ်ဆေးသည့် Web Application ဖြစ်သော findyourpollingstation.uec.gov.mm တွင် ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင်သည့် အပြင် Mobile Application ဖြစ်သော findyourpollingstation.apk ကို Download ရယူပြီး မိမိတို့၏အမည် မဲစာရင်းတွင် ပါ/မပါ ကြည့်ရှုစစ်ဆေးကြရန် နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုရာတွင် အခက်အခဲများရှိနိုင်သဖြင့် Web Application ဖြစ်သော http://bit.ly/yangon.voters တွင် မဲစာရင်းကို ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အစီအစဥ်တစ်ရပ်အဖြစ် စီစဥ်ဆောင်ရွက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။
မေသူ(ပြန်/ဆက်)