ရွှေကူ အောက်တိုဘာ ၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ၏ အမည်စာရင်း များအား ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ကပ်ထားကြေညာခြင်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများအား အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကပ်ထား ကြေညာပေးသွားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ကြေညာထားရှိသည့် အမည်စာရင်းများတွင် မိမိတို့၏အမည်စာရင်းများ ပါရှိခြင်း ရှိ/မရှိကို သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြည့်ရှုနိုင်ကြောင်း၊ မပါရှိပါက ပုံစံ(၃)ဖြင့် မိမိတို့၏အမည်စာရင်း ထည့်သွင်းပေးနိုင်ပါရန် တောင်းဆို နိုင်ကြောင်း၊ မပါဝင်သင့်သူများ ပါရှိနေပါကလည်း ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ကြောင်း နှင့် မဲဆန္ဒရှင် ပြည်သူများ၏ အချက်အလက်များ မှားယွင်းနေပါကလည်း ပုံစံ(၄−ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်း နိုင်ကြောင်းအား ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများမှ သိရသည်။
မဲဆန္ဒရှင်များ၏ အမည်စာရင်း ဖြည့်စွက်တင်သွင်းခြင်း၊ ကန့်ကွက်ခြင်း၊ အချက်အလက်ပြင်ဆင်ခြင်း လုပ်ငန်းများအား တာဝန်ရှိသူများမှ သတ်မှတ်ကာလ (၁၄)ရက်အတွင်း ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်ပြီး ရွှေကူမြို့နယ်၌ ရပ်ကွက်/ ကျေးရွာ အုပ်စုပေါင်း ၃၆ အုပ်စုရှိပြီး ၂၀၂၀ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆၅၂၂၇ ဦးရှိပြီး မဲရုံပေါင်း ၅၄ ရုံ ထားရှိကြောင်း သိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)