ပျော်ဘွယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများနှင့် ကျေးရွာနေဒေသခံပြည်သူများတွေ့ဆုံ

ပျော်ဘွယ် ဧပြီ ၄

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပျော်ဘွယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင် ရွက်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာနေဒေသခံ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက ဒဟတ်တန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကာကွယ်ရေးဝန်ကြီးဌာန(ကကဒုံး)မှ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးအောင်ဇော်မိုးက နိုင်ငံ တော်အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဦးစားပေး ဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဆန်းက ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအနက်မှ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက် ပေးနိုင်ခဲ့မှုအခြေအနေများ၊ သက်ဆိုင်ရာဌာနများမှတဆင့် ဆောင်ရွက်ပေးရန် လိုအပ်နေသည့်လုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက်ရန်ပုံငွေခွဲဝေချထားပေးရန် တောင်းဆိုခဲ့မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသည့်ကျေးရွာ ရွာမိရွာဖများက ကျေးရွာအတွင်းဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်နေသည့် လုပ်ငန်းများကိုဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးတင်ပြကြရာ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး အောင်ဇော်မိုး၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာနများမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)