ကျောက်ပန်းတောင်း ဧပြီ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်နိုင်စေရေး ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်သည့်၊ မြို့နယ်အဆင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို၊ ဧပြီ(၄)ရက်နေ့ နံနက်(၈)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြို့နယ်အဆင့် ငလျင်ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်လင်း ဦးဆောင်သည့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူအဖြစ်၊ အဆောက်အဦပြိုကျမှု ရှာဖွေကယ်ဆယ်ရေး (Collapsed Structure Resuce) ဇာတ်တိုက်လေ့ကျင့်မှုကို အကွက်ကျကျဖြင့် အချိတ်အဆက်မိစွာ ဆောင်ရွက်ခဲ့ကြသည်။ ဇာတ်တိုက်လေ့ကျင့်မှုအပြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ချီးမြှင့်သည့် ဂုဏ်ပြုချီးမြှင့်ငွေကျပ် တစ်သိန်းကို မြို့နယ်ဥက္ကဋ္ဌကိုယ်စား အတွင်းရေးမှူး ရဲမှူးမျိုးမင်းနှင့်အဖွဲ့ဝင် ဦးစိုးပိုင်တို့က ပေးအပ်ရာ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်လင်းက လက်ခံရယူ၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ အခမ်းအနားသို့ ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထက်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်လင်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)