မန္တလေး ဧပြီ ၄
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ မောင်မြင့်ကြည်(စာပေဗိမာန်)၏ အောင်မြင်သော စကားလက္ခဏာများ စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၁)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး (Book Club) အသင်းဥက္ကဋ္ဌ ဆရာချမ်းမြေ့အေးက ယဉ်ကျေးသိမ်မွေ့စွာ စကားပြောဆိုခြင်း၊ ကောင်းသောစကားကိုပြောဆိုခြင်း၊ ချိုသာနူးညံ့စွာပြောဆိုခြင်း အကြောင်းအရာအားလည်းကောင်း၊ ဆရာကျော်က ဝစီဒုစရိုက်(၄)ပါးကိုရှောင်ရှားခြင်း၊ အပြောအဆိုပါးနပ်လိမ္မာခြင်း၊ စကားလုံးရွေးချယ်မှု အကြောင်းများအားလည်းကောင်း၊ ဆရာမလှိုင်က ငယ်ရွယ်သူကိုပြောဆိုသောစကား၊ အမိအဘ ဆရာသမားတို့နှင့် ပြောဆိုသောစကား၊ စကားပြောကောင်းသူတစ်ဦးဖြစ်ရန် လိုအပ်သောဂုဏ်အင်္ဂါများ၊ အပြောအဆိုနှင့်ပတ်သက်သော ဆုံးမစကားများ စသည်တို့ကိုဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် စာပေဝါသနာရှင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)