ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ဟိုပုံးမြို့၌ ရိုးရာရှင်ပြုပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဟိုပုံး ဧပြီ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းရိုးရာ စုပေါင်းရှင်ပြုပွဲများကို ယခုလရာသီတွင် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ စုပေါင်းရှင်ပြုပွဲများကို  နှစ်စဉ်၊ နှစ်တိုင်း တပေါင်းလမှစတင်ကာ ကဆုန်လပြည့်နေ့မတိုင်မီအထိ ပအိုဝ်းဒေသအတွင်းရှိ လူမျိုးအသီးသီးတို့က ရိုးရာဓလေ့ထုံးစံအတိုင်း ဆင်ယင် ကျင်းပလေ့ရှိသည်။ ထိုသို့ ရှင်ပြုအလှူပွဲများ ကျင်းပရာတွင် အလှူပြုလုပ်မည့် မောင်ရင်လောင်း၏ မိဘများက တစ်ဦးချင်းသော်လည်းကောင်း၊ မောင်နှမဆွေးမျိုးများနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ မိမိတို့ ရပ်ကွက်/ ကျေးရွာအတွင်း နေထိုင်ကြသည့် အိမ်နီးချင်းများနှင့်သော်လည်းကောင်း စုပေါင်း၍  ရှင်ပြုအလှူ မင်္ဂလာမဏ္ဍပ်များ စုပေါင်းပြုလုပ်ကာ ဧည့်ခံကျွေးမွေးခြင်း၊ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ရှင်ပြုပ္ပွဲကုန်ကျစရိတ်ကို အများအချိုးကျ စု‌ပေါင်းထည့်ဝင်ကြခြင်းတို့ ပြုလုပ်၍ လှူဒါန်းကြသည်။ ငွေကြေးတတ်နိုင်သူတချို့က တစ်ဦးတည်း မတည် အကုန်အကျခံ၍  ငွေကြေးအနည်းအကျဉ်းသာ တတ်နိုင်သူတို့အား လက်တွဲခေါ်ယူခြင်းဖြင့် ရိုးရာရှင်လောင်းပွဲကို ဦးဆောင်ကျင်းပလေ့ရှိပါသည်။ ရှင်ပြု အလှူပွဲများအား ရှင်လောင်းခေါ်ခြင်း၊ အိမ်တွင်မဏ္ဍပ်ထိုးကာ ဖိတ်ကြားထားသည့် ရပ်နီးရပ်ဝေး ဆွေမျိုးများ၊ ဧည့်သည်တော်များကို ဧည့်ခံကျွေးမွေးခြင်း၊ တရားတော်နာယူ ရေစက်ချအမျှဝေခြင်း စသည်ဖြင့် (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်ကြပြီး ရှင်ပြုပွဲ ကျင်းပဆောင်ရွက်သည့် ကာလတစ်လျှောက် ချက်ပြုတ်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ မောင်ရင်လောင်းထမ်းတပည့်များနှင့် အလှူလှည့်ရာ၌ ကွမ်းတောင်းကိုင်၊ ပန်းတောင်းကိုင်၊ လှူဖွယ်ဝတ္ထုပစ္စည်း အစုစုတို့ ကိုင်တွယ်ပြီး မြို့တွင်း/ရွာတွင်းတစ်လျှောက် လှည့်လည်ကြမည့် ကွမ်းတောင်း၊ ပန်းတောင်းကိုင်မည့်သူများ၊ အိုးစည်ဗုံ‌ မောင်းတီးသူများနှင့် ပအိုဝ်းတိုင်းရင်းသားရိုးရာအက ကပြကြမည့်သူများအား ရှင်ပြုပွဲအား မြို့လုံးကျွတ်/ရွာလုံးကျွတ် ဒေသခံပြည်သူများက ကြည့်ရှုအားပေးပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။

ထို့နောက် ပွဲတော်တစ်လျှောက် မေတ္တာဖြင့် ပူးပေါင်းကူညီပေးကြသော ရပ်ကွက်/ ကျေးရွာ အတွင်းရှိ လူပျို၊ အပျိုများက ရှင်လောင်းထိန်းခြင်း၊ ဧည့်ခံကျွေးမွေးခြင်းများကို အားတက်သရော ပါဝင်ကူညီခဲ့ကြသူများက တရားတော်နာယူရေစက်ချ အမျှဝေပြီးသည့် ရက်တွင် အိုးစည်ဗုံမောင်းများ တီးခတ်၍ ပျော်ရွှင်စွာ ကခုန်ပြီး အောင်ပွဲ(ခေါ်) မီးဆူခံပွဲအား ဆက်လက်ကျင်းပပြီး အလှူရှင်များဖြစ်ကြသော အလှူဒါကာ၊ အလှူဒါယိကာမများထံတွင် ဆုငွေများ ချီးမြှင့်ပေးရန် ပျော်ရွင်စွာတောင်းခံသည့် ဓလေ့ကို ဆက်လက်ဆင်နွှဲကြပါသည်။ စု‌ပေါင်းရှင်လောင်းပွဲကို ၂ ရက်၊ ၃ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)