ဖယ်ခုံ အောက်တိုဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် (နောက်ဆုံး အကြိမ်) မဲဆန္ဒရှင်စာရင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကြေညာ ကပ်ထားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာခွဲအသီးသီးများတွင် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ၁၄ ရက်ကြာ ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရှိရသည်။
မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်း ကြေညာကပ်ထားမှုအား မိမိအမည်ပါမှုကို သိရှိနိုင်ရန်အတွက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် သွားရောက်ကြည့်ရှုကြရန် နှိုးဆော်ထားကြောင်း သိရှိရသည်။
ဖယ်ခုံမြို့နယ်အတွင်းတွင် အထွေထွေရွေးကောက်ပွဲကျင်းပရန်အတွက် မဲရုံပေါင်း ၁၁၀ ရုံ ထားရှိသွားမည်ဖြစ်ပြီး ဒုတိယအကြိမ် (နောက်ဆုံးအကြိမ်) စာရင်းအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းမှာ ၆၆၀၅၀ ဦးရှိကြောင်း သိရှိရသည်။
မီရယ်(ပြန်/ဆက်)