ကျိန္တလီ ဧပြီ ၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ သီရိမင်္ဂလာကျောင်းရှိ တည်ထားလျက်ရှိသော သီရိမင်္ဂလာဆုတောင်းပြည့် စေတီတော်မြတ်၏ ထီးတော်တင်နှင့်အနေကဇာတင်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါစေတီတော်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ကာ လယ်တီကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်လာကြသော ဆရာတော် အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များကို ရွတ်ဖတ်ကြပြီးနောက် ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။ ထို့နောက် သီရိမင်္ဂလာ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ ထီးတော်တင် အခမ်းအနားကိုကျင်းပရာ သီရိမင်္ဂလာကျောင်းမှ ပင့်ဖိတ်ထားသော ဆရာတော်ကြီးများ၊ အလှူ့ဒါယိကာမကြီး ဒေါ်သိန်းလှခင်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းဒါယိကာ/ဒါယိကာမများက စေတီပုထိုး၏ထီးတော်များကို ပန်းရထားယာဉ်ဖြင့် ပင့်ဆောင်တင်လှူပူဇော်ခဲ့ကြပြီး အနေကဇာတင်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ဇော်လင်း