ပင်းတယ အောက်တိုဘာ ၂
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေးတို့အတွက် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ ယာယီဈေးနှင့် မြို့မဈေးတွင် ဈေးသည်များ/ ဈေးဝယ်များ လိုက်နာကြရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် လမ်းညွှန်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများတို့က လက်ကိုင်စပီကာများဖြင့် ကြေညာပေးလျက်ရှိကြောင်း သိရသည်။
ယာယီဈေးနှင့်မြို့မဈေးများ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးနေမျိုးကျော်၊ မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးစည်သူဝင်း နှင့်ဝန်ထမ်းများတို့က နံနက် ၆ နာရီမှ ယာယီဈေးပိတ်သိမ်းချိန် နံနက် ၁၀ နာရီအထိ နေ့စဉ် ဈေးဝယ်များနှင့် ဈေးသည်များတို့အား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ ရှောင်ရန်၊ ဆောင်ရန်များကို လည်းကောင်း၊ ကျန်းမာရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို လည်းကောင်း ဆောင်ရွက်လျက်ရှိပြီး လူစုလူဝေးမဖြစ်စေရန်နှင့် ဈေးအတွင်းတွင် ဈေးဝယ်များ အချိန်ကြာမြင့်စွာ ဈေးဝယ်ခြင်းမပြုလုပ်ရန်၊ ဈေးသို့လာရောက်ပါက ကလေးငယ်များ ခေါ်ဆောင်လာခြင်းမပြုရန်၊ ဈေးဝယ်လာပါက တစ်အိမ်လျှင်တစ်ဦးသာ လာရောက်ရန် စသည့်များကိုလည်း လက်ကိုင်စပီကာများဖြင့် နေ့စဉ် ကြေညာပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်ဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)