မချမ်းဘော့ ဧပြီ ၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နီနီလွင်က ဟောပြောပွဲပြုလုပ်ရခြင်း ၏ရည်ရွယ်ချက်များကိုပြောကြားပြီး "လူငယ်နှင့်စာဖတ်ခြင်း" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာန မြို့နယ်တာဝန်ခံ နည်းပြ(နည်းစနစ်) ဒေါ်ခင်လင်းစိန်က "လူငယ်နှင့်အားကစား" ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မချမ်းဘော့မြို့နယ် ပြည်သူ့စာကြည့်တိုက်အတွက် လှူဒါန်းသောအားကစားပစ္စည်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးကြည်မိုးမှလှူဒါန်းသော ကျောင်းသုံးဗလာစာအုပ် ၅ ဒါဇင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိမှလက်ခံရယူပြီး ကျောင်းသုံးဗလာစာအုပ်များကို ဟောပြောပွဲတက်ရောက်လာသော ကျောင်းသားလူငယ်၂၃ဦးတို့အား ပြန်လည်ဖြန့်ဝေပေးခဲ့ပြီးနောက် တက်ရောက်လာကြ သောကျောင်းသားလူငယ်များက ခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြ ကြောင်းသိရသည်။
ယောရွှေနီ (မချမ်းဘော့)