သံဖြူဇရပ်မြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

သံဖြူဇရပ် ဧပြီ ၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ၂ဝ၂၂ ခုနှစ်အစိုးရ ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်တော်မူကြသော စာအောင်သံဃာတော်များအား စာအောင်ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ မွန်းတည့် (၁၂) နာရီအချိန်က သံဖြူဇရပ်မြို့နယ် နန္ဒဝန်ပရိယတ္တိစာသင်တိုက်၏ န္ဒဝန်ဓမ္မသာလာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ကျိုက္ခမီ ရေလည်ကျောင်းတိုက် ဆရာတော် ဦးဘဒ္ဒန္တနန္ဒသာရက သြဝါဒရေစက်ချတရား ချီးမြှင့်သည်။ ဆက်လက်၍ စူဠဆုနှင်းသဘင်အခမ်းအနားကို ကျင်းပရာ ၂၀၂၂ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော အစိုးရ ပါဠိပထမပြန် စာမေးပွဲတွင် ပထမကြီးတန်း အောင်မြင်သူ စာအောင် သံဃာ (၂၃) ပါး၊ ပထမလတ်တန်း အောင်မြင်သည့် သံဃာ(၂၃) ပါး၊ အခြေပြုမူလတန်းအောင်မြင်သည့် စာအောင် သံဃာ (၉၁) ပါး၊ စုစုပေါင်း စာအောင်သံဃာတော် ရှင်သာမဏေနှင့် သီလရှင် (၁၁၇) ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သက်ထွန်းဦး၊ မြို့နယ် ဥပထမ္ဘကအဖွဲ့နှင့်အလှူရှင် စေတနာရှင်များကဆပ်ကပ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်မှ ကြီးကြပ်ဆရာတော်များအား ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းကာ အခမ်းအနားကို ဗုဒ္ဓသာသာနံစိရံတိဌတု (၃) ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ၂၀၂၂ ခုနှစ်တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်သည့် စာအောင်သံဃာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ၊ လူမှုရေးအသင်း အဖွဲ့များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)