ဇေယျာသီရိ ဧပြီ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ နန်းဩကျေးရွာဘုန်းတော်ကြီးကျောင်း၌ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားသို့ နန်းဩတောင်ကျောင်းဆရာတော်၊ ဘဒ္ဒန္တဝါယာမ၊ နန်းဩကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသက်ဦးနှင့် စေတနာရှင်၊ အလှူရှင်များ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ပြီး အခမ်းအနားကို တက်ရောက်လာသူများက "နမောတဿ" သုံးကြိမ်ရွတ်ဆိုကန်တော့၍ နန်းဩတောင်ကျောင်းဆရာတော်၊ ဘဒ္ဒန္တဝါယာမထံမှ ငါးပါးသီလခံယူတည်ဆောက်ခဲ့ပြီး အုပ်ချုပ်ရေးမှူး ဦးသက်ဦးက ကျေးဇူးတင်စကားပြောကြားကာ အလှူဝတ္ထုငွေများလှူဒါန်းခဲ့သည်။ ဆက်လက်၍ ဆုရရှိသည့်ကျောင်းသား/ သူများနှင့် သင်တန်းဆရာ၊ ဆရာမများ၊ အလှူရှင်၊ စေတနာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး နန်းဩတောင်ကျောင်းဆရာတော်၊ ဘဒ္ဒန္တဝါယာမထံမှ သင်တန်းဆင်းသြဝါဒကထာ မိန့်ကြားခဲ့ပြီး ရေစက်သွန်းချအမျှပေးဝေ၍ "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု"သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါသင်တန်းသို့ ဇေယျာသီရိမြို့နယ် နန်းဩကျေးရွာအုပ်စုအတွင်းမှ ကျောင်းသား/သူ ၁၃၀ ဦး တက်ရောက်ခဲ့ပြီး၊ သင်တန်းကို မတ်လ ၁၂ ရက်နေ့မှ ၂၃ ရက်နေ့ထိ အခြေခံဗုဒ္ဓဘာသာရပ်၊ ယဉ်ကျေးခြင်းဆိုင်ရာနှင့် သုံးဆယ့်ရှစ်ဖြာမင်္ဂလာ၊ သိင်္ဂါလောဝါဒဆုံးမစာ၊ ဗုဒ္ဓဝင်အကျဉ်း၊ ဘုရားရှိခိုးအမျိုးမျိုးတို့အား သင်ကြားပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)