မဘိမ်း အောက်တိုဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရရှိမည့်သူများစာရင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားကြောင်း သိရှိရသည်။
မဘိမ်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရန် မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များသည် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်မှုရှိစေရန်အတွက် စက်တင်ဘာလအတွင်း ပြန်လည်စိစစ်ခဲ့ပြီးဖြစ်ရာ အောက်တိုဘာလ(၁)ရက်နေ့ နံနက်(၇)နာရီအချိန်တွင် ဒုတိယအကြိမ် မဲစာရင်းကပ်ထား ကြေညာခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
မဘိမ်းမြို့နယ်တွင် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)တွင် ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၈) အုပ်စု၌ မဲဆန္ဒရှင်ဦးရေ(၁၃၄၃၃)ဦး၊ မဲရုံ(၂၁)ရုံနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)တွင် ကျေးရွာအုပ်စု(၈)အုပ်စု၌ မဲဆန္ဒရှင်ဦးရေ(၁၈၈၅၃)ဦးရှိပြီး မဲရုံ(၂၃)ရုံရှိကြောင်း မြို့ နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အတွင်းရေးမှူး ဒေါ်ငြိမ်းငြိမ်းအေးထံမှ သိရသည်။
မျိုးမင်း (ပြန်/ဆက်)