ကျောက်ပန်းတောင်းမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

ကျောက်ပန်းတောင်း   ဧပြီ   ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်ကို၊ ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး၊ ညှိနှိုင်း ဆွေးနွေးပွဲကို၊ ယမန်နေ့ညနေ(၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကားပြော ကြားရာတွင်၊ မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်ကြီးကို၊ မြန်မာ့ရိုးရာ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေး ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်သွားကြရန်နှင့်၊ သင်္ကြန်ကာလအတွင်း မြန်မာ့ရိုးရာမဟာ သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်တွင် စတုဒိသာ ကျွေးမွေးဧည့်ခံရေးနှင့် ယိမ်းအဖွဲ့များ အလှည့်ကျ ဖျော်ဖြေရေး စီစဉ်ဆောင်ရွက်သွားရန်၊ ယိမ်းအဖွဲ့များ အကြိုအပို့နှင့် ဧည့်ခံမဏ္ဍပ်တွင် ဧည့်သည်များ ဌာနဆိုင်ရာများအား ကြိုဆိုနေရာချထားရေး၊ ရန်ပုံငွေ ရှာဖွေရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။ ယင်းနောက် ဌာနဆိုင်ရာအလိုက် တာဝန်ယူဆောင်ရွက်သွားမည့်အခြေအနေများ၊ စတုဒိသာကျွေးမွေးရေး အလှည့်ကျ ဆောင်ရွက်နိုင်ရေးနှင့် ယိမ်းအဖွဲ့များ သယ်ယူပို့ဆောင်ပေးရေး၊ မြန်မာ့ဆိုင်းဝိုင်း အဖွဲ့အား သယ်ယူပို့ဆောင်ရေးနှင့် အခမ်းအနားမှူးတာဝန်ယူမည့်သူများရွေးချယ်ခြင်းတို့ကို ဝိုင်းဝန်းဆွေးနွေးကြပြီး၊ မြို့နယ်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်း၊ ဗိုလ်မှူး နောင်ထွန်းနီ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)