သံဖြူဇရပ်မြို့နယ်၌   မြန်မာ့ရိုးရာမဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

သံဖြူဇရပ် ဧပြီ ၄

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အား မြန့်ရိုးရာယဥ်ကျေးမှုများနှင့်အညီ ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအဖွဲ့များအား သင်္ကြန်မဏ္ဍပ်များအား စနစ်တကျ  အချိန်မီဆောက်လုပ်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့်အချက်များ၊ သက်ကြီးပူဇော်ပွဲကျင်းပမည့် အစီအစဥ် များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဘဏ္ဍငွေရှာဖွေရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးအောင်သန်းက ဘဏ္ဍငွေရရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ပြုလုပ်နိုင်ရေးအတွက် ဖွဲ့စည်းထားသည့် ဆပ်ကော်မတီဝင်များက မိမိတို့ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများကို တင်ပြဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေး  အဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သံဖြူဇရပ် မြို့နယ်၌ ရေကစားမဏ္ဍပ်များကို သံဖြူဇရပ်နှင့်ကျိုက္ခမီမြို့ မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာနေရာ၌ ဗဟိုမဏ္ဍပ်ကြီးကို ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး လူငယ်များပျော်ရွှင်စွာ ရေပက်ကစားနိုင်ရန် ရေရရှိရေးအတွက် စီစဥ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)