မိတ္ထီလာ ဧပြီ ၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်တွင် ဧပြီလ ၃ ရက်နေ့ မွန်းလွဲ ၂နာရီ ၁၅ မိနစ်အချိန်က လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက် နယ်မြေ(၉) လေတပ်လမ်း၊ ပုလဲစျေးအနီးတွင် ဆိုင်ရှင် ဦးမျိုးမြင့်၏ (၈) ပေပတ်လည် သွပ်မိုး၊ ဘိလပ်မြေ မျက်နှာကျက်ပြား အကာ (၁)ထပ် ဘဏ္ထရီပန့်ဆိုင်မှ ဆိုင်အတွင်းသို့ သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ မီးပွားလွင့်စင်ပြီး အနီးရှိ စက်သုံးဆီပုံးပေါ်သို့ ကျရောက်ကာ မီးကူးစက်လောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါမီးလောင်မှုအား မိတ္ထီလာမြို့နယ်မီးသတ်စခန်းသို့ တယ်လီဖုန်းသတင်းပေးမှုကြောင့် ခရိုင်မီးသတ် ဦးစီးမှူး ဦးကျော်ဆန်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ၊ ရှေ့တန်းအခြေချထောက်ပံ့ရေး နှင့် ပို့ဆောင်ရေးတပ်မှ တပ်ဖွဲ့ဝင်များ၊ မီးငြိမ်းသတ်ယာဉ်(၇)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ အထောက် အကူပြုယာဉ် (၂)စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂နာရီ ၂၅ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့သည်။
၎င်းမီးလောင်မှုကြောင့် (၈)ပေပတ်လည် သွပ်မိုး၊ ဘိလပ်မြေမျက်နှာကျက်ပြားအကာ (၁)ထပ်၊ ဘတ္ထရီပန့်ဆိုင် (၁)လုံး၊ (၃၀ x ၂၄)ပေရှိ သွပ်မိုး၊ သံဇကာ/ထရံကာ(၁)ထပ် ရပ်ကွက်ပိုင် စာကြည့်တိုက် (၁)လုံး၊ (၈) ပေပတ်လည် သွပ်မိုး၊ သံဇကာ/ထရံကာ (၁)ထပ် အပ်ချုပ်စက်ဆိုင်(၁)လုံး၊ ဘတ္ထရီသုံးဆီပန့် (၁)လုံး၊ အောက်တိန်း(၅)ဂါလံ၊ အပ်ချုပ်စက်(၅)လုံး၊ လော့ဂျား 110အနက်ရောင် မော်တော်ဆိုင်ကယ် (၁)စီးတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး စက်သုံးဆီဆိုင်ပိုင်ရှင်၏ သားဖြစ်သူ ကိုသီဟန်ထွန်း(ဘ)ဦးမျိုးမြင့် အသက် (၂၄)နှစ်၏ ညာဘက်လက်ဖမိုးတွင် မီးဟပ်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ရှင်ဖြစ်သူ ဦးမျိုးမြင့်အား မိတ္ထီလာမြို့ မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)