ရခိုင်ပြည်နယ် မောင်တောမြို့၌ ရှေးဟောင်းသမိုင်းဝင်ခိုမင်းဓာတ်စေတီတော်တွင် ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ပွဲကျင်းပ

မောင်တော   ဧပြီ  

ရခိုင်ပြည်နယ် မောင်တောမြို့၌ ရှေးဟောင်းသမိုင်းဝင်ခိုမင်းဓာတ်စေတီတော်တွင် ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ပွဲကို  ယနေ့ နံနက် ၉ နာရီက  အဆိုပါ စေတီတော်အနီးတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆရာတော်အရှင်သူမြတ်များက ရှေးဟောင်းသမိုင်းဝင်ခိုမင်းဓာတ်စေတီတော်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ပြီး ပင့်သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက နမောတဿ ၃ ကြိမ်ရွက်ဆို ဘုရားကန်တော့၍ သုံးမိုင် ပရဟိတနှင့်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက် ဦးစီးပဓာနနာယက မြို့နယ်ဩဝါဒစာရိယ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တစန္ဒာသီရိထံမှငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ်အစရှိသော ပရိတ်တရားများ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး  စေတာနာရှင် အလှူရှင်များက ဆရာတော် အရှင်သူမြတ်များအား  လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ငြိမ်းအေးရိပ်မြုံ ကျောင်း တိုက် ဦးစီးပဓာနနာယက မြို့နယ်သံဃနာယကအကျိုးတော်ဆောင် ဘဒ္ဒန္တဂန္ဓမာ ဆရာတော်ထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေးခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ၃ ကြိမ် ရွက်ဆိုဆုတောင်း၍ ရတနာရွှေမိုးငွေမိုးသွန်းဖြိုးခဲ့ကြကြောင်းသိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန်ခရိုင်(ပြန်/ဆက် )