မောက်မယ်မြို့နယ်၌ရာသီစာဒရင်ကောက်ရွက်နုခူးချိုးရောင်းချသူများမိသားစုအပိုဝင်ငွေရရှိ

မောက်မယ် ဧပြီ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် တောင်ကုန်း တောင်တန်းထူထပ်ပေါများပြီး အေးမြစိုစွတ်သောတောင်ပေါ်ဒေသဖြစ်ခြင်း၊ ချောင်းရေ၊ စိမ့်စမ်းရေများ ပေါများခြင်းတို့ကြောင့် ချောင်းဘေးများတွင် ရာသီစာဒရင်ကောက်ရွက်များ၊ စရစ်ရိုးများလှိုင်လှိုင် ပေါက်ရောက်နေပြီဖြစ်ကြောင်း သိရသည်။  

မောက်မယ်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာများအတွင်းရှိ သစ်ဥ၊ သစ်ဖု ရှာဖွေခူးဆွတ်ရောင်း ချသူများသည် ဘိုးစဉ်ဘောင်ဆက် တောတွင်းကိုအမှီပြု၍  ရာသီပေါ်သီးနှံအမျိုးမျိုးကို ရှာဖွေတူးဖော် ဆွတ်ခူးရောင်းချနေ သည့် ကျေးရွာများဖြစ်ကြရာ ယခင်ကာလများက ဒရင်ကောက်ရွက်လွန်စွာပေါများသဖြင့် တစ်စီးကို (၂၀၀) ကျပ်သာရရှိခဲ့သော်လည်း အရသာကောင်းမွန်ပြီး ဆေးဖျန်းခြင်း၊ မြေသြဇာထည့်သွင်းခြင်းမရှိသည့်အတွက် သဘာဝအတိုင်း စားသုံးသူနှစ်ခြိုက်လျက်ရှိရာ ယခုအခါ နွေရာသီ ကာလ ရာသီစာဒရင်ကောက်ရွက်များ စတင် ထွက်ရှိချိန်တွင် တစ်စီးကို (၅၀၀)ကျပ်ရောင်းရကြောင်း မြို့နယ်စည်ပင်သာယာစျေး ၅ ရက်တစ်စျေးသို့လည်းကောင်း ရပ်ကွက်အတွင်းလှည့်လည်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနေကြကြောင်း စိုင်းမြင့်ဆွေကရှင်းပြ၍ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)