ကာမိုင်း အောက်တိုဘာ ၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း မြစိမ်းရောင်ခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီတွင် ရေဘေးသင့်ပြည်သူများဖြစ်သည့် အိမ်ထောင်စု ၁၇၄ စု၊ လူဦးရေ ၈၁၂ ဦးအား ထောက်ပံ့ရေးပစ္စည်းများ လာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲတွင် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ ပေးအပ်သည်ကို မြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က ရေဘေးသင့် ပြည်သူများအား ရှင်းလင်းပြောကြားပြီး ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ ပေးအပ်သည့်ပစ္စည်းများကို ကာမိုင်းမြို့ ကြက်ခြေနီ အသင်းခွဲငယ်တာဝန်ခံ တပ်ခွဲမှူး ဦးမြင့်အောင်က ထောက်ပံ့ပေးအပ်ရခြင်း နှင့်ပတ်သက်၍ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရာ၌ ရေဘေးသင့်ပြည်သူများဖြစ်သည့် အိမ်ထောင်စု ၁၇၄ စု၊ လူဦးရေ ၈၁၂ ဦးတို့အတွက် ပြည်နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ခုနှစ်ရက်စာ စားစရိတ်ဝယ်ယူရန် အတွက် တစ်ဦးလျှင် ငွေကျပ် (၂၁၀၀)နှုန်းဖြင့် စုစုပေါင်းတန်းဖိုးငွေ ကျပ်(၁၇၀၅၂၀၀)သိန်း၊ နှာခေါင်းစည်း (၈၁၂)ခုနှင့် ဂေါ်ဇီလာဆပ်ပြာ (၁၇၄)တောင့်တို့ကို လည်းကောင်း၊ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ အိတ်စောင်(၁၇၄)ထည်နှင့် ကာဘော်လစ် ဆပ်ပြာ(၁၇၄)တောင့် တို့ကိုလည်းကောင်း တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)