ကျောက်တန်း ဧပြီ ၄
ကျောက်တန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃:၀၀ နာရီက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဘုန်းခန့်အောင်မှ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ပြည်သူများပျော်ရွှင်စွာနှင့် စိတ်အေးချမ်းစွာရေကစားနိုင်ရေးအတွက် ကျောက်တန်းမြို့နယ်တွင် ရေကစားမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များဖြင့်ဆောင်ရွက်ပြီး စည်စည်ကားကားဖြစ်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါအစည်းအဝေးတွင် သင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး မဏ္ဍပ်ဆောက်လုပ်မည့်နေရာရွေးချယ်ထားမှုနှင့် မဏ္ဍပ်အခမ်းအနားပြင်ဆင်မည့် အခြေအနေများ၊ ရေကိုလုံလုံလောက်လောက်သုံးစွဲနိုင်ရေး စီမံထားမှုအခြေအနေများ၊ ကြိုဆိုနေရာချထားရေး၊ ဖိတ်ကြားရေးနှင့်ဧည့််ခံရေးလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သတင်းထုတ်ပြန်ရေးတို့နှင့်ပတ်သက်၍ လိုအပ်သည်များ၊ ဖျော်ဖြေရေး၊ အန္တရာယ်ကင်းရွတ်ဖတ် ပူဇော်ပွဲကျင်းပရေးနှင့် ငါးလွှတ်ပွဲကျင်းပရေးတို့အတွက် လုပ်ငန်းကော်မတီဖွဲ့စည်းထားမှု အခြေအနေများစသည်ဖြင့်ကော်မတီအလိုက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ကော်မတီအသီးသီးအလိုက် လိုအပ်သည်များ တင်ပြဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိတို့တာဝန်ကျသည့် ကော်မတီအသီးသီးရှိလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ အားလုံးစည်းစည်းလုံးလုံး တက်တက်ကြွကြွဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ပိတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်ဆက်)