နောင်ချို ဧပြီ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲတို့ ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ်လူငယ်များ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှိလာစေရန်၊ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ “လူငယ်ရေးရာ အသိပညာပေး” ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဆက်လက်ဟောပြောရာတွင် လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်ယဉ်ကျေး မှု၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာရိတ္တ စသည့် ခေါင်းစဉ်များဖြင့် လူငယ်များ ရှင်းလင်းနားလည်လွယ်အောင် ဥပမာ၊ သာဓကများဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့် လူငယ်များ အသိပညာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများဖြစ်သည့် လူငယ်စကားဝိုင်း၊ လူငယ်အသိပညာပေးဟောပြောပွဲ၊ အသိပညာပေးပြပွဲများ ပြသခြင်း၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများဖွင့်လှစ်ခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းနှင့် အားကစားပြိုင်ပွဲများကို အလျဉ်းသင့်သလို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)